နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးအပါအဝင် ပါဝင်ပတ်သက်နေသူ ၂၀ ကျော်ကို အမေရိကန် ပိတ်ဆို့အရေးယူ

နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးအပါအဝင် ပါဝင်ပတ်သက်နေသူ ၂၀ ကျော်ကို အမေရိကန် ပိတ်ဆို့အရေးယူ
by -
စိုင်းထွန်းစံ (MNA)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊ ဝန်ကြီးအချို့အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တို့၏ ဇနီးနှင့်သားသမီးများ ၂၂ ဦးကို အမေရိကန်အစိုးရ၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က ပိတ်ဆို့အရေးယူသည့်စာရင်းထဲသို့ ဇူလိုင် ၂ ရက်က ထည့်သွင်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပိတ်ဆို့အရေးယူခံရသူစာရင်းတွင် နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ စောဒန်နီယယ်နှင့် ဒေါ်အေးနုစိန်၊ နစက ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် (စိတ်ပညာ)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးတို့ပါဝင်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး အင်တာနက်စာမျက်နှာက ဖော်ပြသည်။

“စစ်တပ်က ဒီမိုကရေစီကိုနှိမ်နှင်းခြင်းနှင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်းအား လက်ခံနိုင်ဖွယ်ရာမရှိ” ဟု အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးမှ ဒါရိုက်တာ Andrea Gacki က ပြောကြားခဲ့သည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ်ခုနစ်ဦးတို့သည် တိုင်းပြည်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက်ဖိနှိပ်နေပြီး ကလေးများနှင့် တိုင်းရင်းသားလူနည်းစုအုပ်စုများအပါအ၀င် မြန်မာပြည်သူများအပေါ် သေစေနိုင်သော အင်အားကိုအသုံးပြုနေသည့် မြန်မာစစ်တပ် နစကကောင်စီ (SAC) ၏ အဓိကအဖွဲ့ဝင်များဖြစ်နေကြောင်း ထောက်ပြထားသည်။

ထို့အတူ ယခင်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါပြီးသား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှအပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ ဇနီးနှင့် အရွယ်ရောက်ပြီး သားသမီး ၁၅ ဦးတို့ကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသည်။

၄င်းထုတ်ပြန်ကြေညာချက်အရ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်သူများ၏ အမေရိကန်နိုင်ငံအတွင်းရှိနေသည့် ပိုင်ဆိုင်မှု၊ အကျိုးစီးပွား အားလုံးကို ပိတ်ပင်သွားမည်ဖြစ်ပြီး ၄င်းလူပုဂ္ဂိုလ်များနှင့် ပတ်သက်နေသည့် အမေရိကန်နိုင်ငံသားများသည်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ချက်ချင်းသတင်းပို့ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ ဦးစောဒယ်နီယယ်နှင့် ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ) တို့အား ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်ကြောင်း မတ် ၁၉ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most read this week

July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...
July 2, 2021
ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်အတူ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်မြင့်တက်နေချိန်တွင်...