ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်မှုဖြစ် ရွာသားများ စစ်ရှောင်နေရ

ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်မှုဖြစ် ရွာသားများ စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွိုင်စောင့်ကျေးရွာအုပ်စု အတွင်း ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံများ ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်းသိရသည်။

 ဇူလိုင် (၁၄) ရက် မနက် ၁၀ နာရီခွဲခန့်က လွိုင်စောင့်ကျေးရွာအုပ်စု နမ့်မော်ဘီလူးကျေးရွာနှင့် ကုန်းညောင်ရွာကြား ပစ်ခတ်သံများ ထွက်ပေါ်ရာ ရွာသား ၄၀ ကျော် ကုန်းညောင်ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်း ကျောက်မဲဒေသခံ စိုင်းစိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တစ်ဖက်အသံပဲ ကြားနေရတယ်။ သူတို့ နမ့်မော်ဘီလူး ကနေပြီး ပစ်တာ။ တစ်ချို့ကလည်း မနေ့ညနေ စစ်တပ် ရွာဘက်က ဖြတ်သွားတာကတည်းက ထွက်ပြေးကြတာ ” ဟု စိုင်းစိုင်း က ပြောသည်။

အစိုးရ တပ်မတော်သည် ဇူလိုင် ၁၃ ရက် ကတည်းက နမ့်မော်ဘီလူးရွာဘေး ဖြတ်သန်းခဲ့ကြောင်း ၊ တိုက်ပွဲမှာလည်း နမ့်မော်ဘီလူးရွာနှင့် မိုင်ဝက်ခန့်အကွာ တောပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း စိုင်းစိုင်းက ပြောသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး အုမ်ခေးက – “အစိုးရတပ်က ခလရ ၁၀၁ ကလို့ သိရပါတယ်။ အကြောင်းကြားမှုမရှိဘဲ တောပိုင်းဝင်လာတာကြောင့် ကျနော်တို့တပ်နဲ့ထိပ်တိုက်တိုးမိပြီး တိုက်ပွဲဖြစ်တာ။ မိနစ် ၂၀ လောက်ဘဲ ပစ်ခတ်ရပါတယ်။ သေကြေဒဏ်ရာရမှုတော့မသိရသေးပါဘူး” – ဟု သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်မှု နေ့စဉ်တိုးများလာနေသည်ဖြစ်ရာ စစ်ဘေးရှောင်ပြီးဘုန်းကြီးကျောင်းတွင် စုဝေးနေထိုင်ရမည့်အပေါ် ဒေသခံများစိုးရိမ်နေကြောင်း၊ တဖက်တွင်လည်း မိုးဦးရာသီ လယ်ယာဆင်းရမည့်အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များ တိုက်ပွဲမဖြစ်ပွါးအောင် ရှောင်ရှားပေးစေလိုကြောင်း ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်။

ကျောက်မဲမြို့နယ် တွင် လွန်ခဲ့သည့်ဇွန်၂၅ရက်မှ ဇွန် ၂၉ ရက် အထိ အစိုးရ တပ်မတော်နှင့် RCSS/ SSA တို့ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားပြီး ဒေသခံများ တကြိမ်စစ်ဘေးရှောင်ခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က အစိုးရစစ်တပ်က ရွာအတွင်းဝင်ရောက်ကာ ဒေသခံရွာသားအားဖမ်းဆီးရိုက်နှက် ပစ်ခတ်သဖြင့် သေကြေဒဏ်ရာရမှုများရှိခဲ့သည်ဟုဆိုကာ တရားမျှတမှုရရှိစေရေးအတွက် ဇူလိုင်လ ၁၀ ရက်နေ့က ဒေသခံ တသောင်းခန့်က ကျောက်မဲမြို့အတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

RCSS/SSA သည် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့တဖွဲ့ဖြစ်ရာ တိုက်ပွဲများမဖြစ်လိုကြောင်း၊ ထို့အတွက် မည်သည့်လက်နက်ကိုင်မဆို တောပိုင်းဝင်လာပါက ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ၊သို့မှသာ တိုက်ပွဲများမဖြစ်အောင်ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းလည်း RCSS ပြောခွင့်ရက ပြောဆိုလိုက်ပါသည်။

May 7, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ...
May 7, 2024
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နှစ်လနီးပါး...
May 6, 2024
သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီးအကြိမ် ၁၀၀...
May 3, 2024
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို...