ကွတ်ခိုင်မြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း ဒေသခံများစိုးရွံ့

ကွတ်ခိုင်မြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း ဒေသခံများစိုးရွံ့

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက်ဖြင့် အစိုးရ တပ်မတော် မှအင်အားဖြည့်တင်းမှုပြုနေသည့်အပေါ် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော် မှ စစ်အင်အားတိုးချဲ့ ပြီး၊ ဒေသခံ အမျိုးသားများကို ဖမ်းဆီးကာ လမ်းပြအဖြစ် လုပ်ဆောင်ခိုင်းကြောင်း ကွတ်ခိုင်မြို့နယ် အတွင်းနေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တိုက်ပွဲတွေ ထိတွေ့မှုတွေ တော့မဖြစ်ဘူး။ ဒါပေမယ့် ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာတော့ တပ်မတော်က စစ်အင်အားတွေ ဖြည့်တယ်။ အရင်ကထက်ပိုများလာတယ်” ဟု အဆိုပါ အမျိုးသားက ပြောပြသည်။

လက်ရှိ စစ်အင်အားတိုးချဲ့မှုကြောင့် ထိုဒေသတွင် နေထိုင်သည့် ပြည်သူများအတွက် စိုးရိမ်မှုများဖြစ်နေရကြောင်း၊ မည်သည့်အချိန်လာရောက်ဖမ်းဆီးခေါ်ဆောင်မည်ကို တွေးပူနေရကြောင်း ကွတ်ခိုင်တွင်နေထိုင်သူများက ပြောဆိုကြသည်။

“ အခုတလော စစ်ကြောင်းတွေ က ဒေသခံ အမျိုးသားတွေကို လမ်းပြအဖြစ်ခေါ်သွားတယ်။ ခေါ်သွားခံရသူတွေက ကျနော်သိရသလောက် ၁၇ယောက် လောက်ရှိပြီ” ဟု ကွတ်ခိုင်မြို့နယ်တွင်နေထိုင်သည့် ဆရာနော်လတ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အစိုးရ တပ်မတော် စစ်ကြောင်းမှ ခေါ်ဆောင်သွားသည့်ရွာသားများအားလုံး ပြန်လည်လွှတ်ပေးပြီးဖြစ်ကြောင်း၊ သို့သော် တပ်မတော် စစ်ကြောင်းအနေဖြင့် အချိန်မရွေး ခေါ်ဆောင်နိုင်သဖြင့် စိုးရိမ်နေကြကြောင်း၊ တိုက်ပွဲလည်း ထပ်မံဖြစ်ပွားမည်ကို ကြောက်နေရကြောင်းလည်း ဆရာနော်လတ်က ပြောသည်။

“ ဒီဒေသ က အချိန်မရွေး တိုက်ပွဲဖြစ်တတ်သလို အချိန်မရွေးစစ်ကြောင်းက လာခေါ်တတ်တော့ ကြောက်နေရတယ်။ တောင်ယာသွားရင်တောင် အဝေးကြီးမသွားရဲကြဘူး” ဟု ဆရာနော်လတ်က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ လှုပ်ရှားသည့်နေရာဖြစ်ရာ တအာင်း TNLA ကချင် KIA တပ်များလည်း အင်အားဖြည့်တင်းနေသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွါးမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

July 16, 2026
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင်...
July 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းသို့ ကရင်နီပြည်နယ်ဘက်မှ လာရောက်ခိုလှုံနေကြသည့်...
July 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် အခြေစိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ...
July 13, 2026
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း...