တပ်မတော်၏လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် အရပ်သား (၇) ဦးသေဆုံး

တပ်မတော်၏လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် အရပ်သား (၇) ဦးသေဆုံး

လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဧပြီ ၇ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် နန်းချောင်းဝကျေးရွာမှ အရပ်သား (၇) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“(၇) ဦးက ပွဲချင်းပြီး သေတယ်၊ (၈) ဦးက ဒဏ်ရာရတယ်၊ အိမ်တွေလည်း မီးလောင်ပျက်စီးတယ်၊ အခုဒဏ်ရာရသူတွေက မနက်မှ ပလက်ဝကို ရောက်တယ်။ (၂) ယောက်က ဒဏ်ရာပြင်းထန်နေတုန်း။ အဲဒါကို ဆမီးဘက် မတူပီ မင်းတပ်ပို့ဖို့အတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို အခု ပလက်ဝဖက်က တာဝန်ရှိတဲ့လူတွေ စီစဉ်နေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝ-ကျောက်တော်ကားလမ်းမ နန်းချောင်းဝ ကျေးရွာကို ဧပြီ ၇ ရက် ညနေပိုင်း ၃ နာရီနှင့် ၅ နာရီကြားတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ် (၇) လုံးနှင့် ဆန်စက်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာအေးကျော်က “ရောက်လာတာ (၇) ယောက်၊ အမျိုးသားတစ်ယောက်တည်း ပါတယ်။ အမျိုးသမီး (၆) ယောက်၊ စိုးရိမ်ရတာတစ်ယောက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာတွင် လူနေအိမ် (၁၃) လုံးမီးလောင်ပျက်စီးခဲ့ပြီး ရွာသား (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်လာပြီး တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲပစ်ခတ်မှုများ ခတ်စိပ်စိပ်ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၁၄) နှင့် (၁၅) ရက်နေ့ကလည်း တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် မိတ်စာဝ၊ ဝက်မနှင့် ပြိုင်တင်ကျေးရွာတို့မှ အရပ်သားပြည်သူ (၂၁) ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ယခုဗုံးကြဲပစ်ခတ်ခံရသည့် နန်းချောင်းဝကျေးရွာသည် အိမ်ခြေ (၄၀) ခန့်ရှိပြီး ပလက်မြို့နှင့် (၁၀) မိုင်ခန့်ကွာဝေးသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...