ချင်းပြည်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေရပ်ပြန်လာကြရန် စစ်ဘေးရှောင်ပြည်သူ များအား ဖိတ်ခေါ်မှုများ ပြုလုပ်နေသော်လည်း လက်တွေ့တွင်မူ နေရပ်ပြန်လာသူများ ဖမ်းဆီး နှိပ်စက်ခံရခြင်းနှင့် အကြောင်းရင်းမသိရဘဲ သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့၊ RC ဘုရားကျောင်းအနီးတွင် ပျောက်ဆုံးနေသည့် ခရိုင်ပညာရေး ရုံးဝန်ထမ်း တစ်ဦး၏ ရုပ်အလောင်းကို ပြင်းထန်စွာ နှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ရသည်။
“စကစတွေ လက်ချက်ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူ့ဆိုင်ကယ်ကို စကစတွေက ချောဆွဲတယ်။ အဲဒီနေ့ ကတည်းက သူ့ကို မတွေ့တော့တာ။ သူပျောက်ဆုံးသွားလို့ လိုက်ရှာနေခဲ့ကြတာ။ ၁၀ ရက်အကြာမှပဲ သူ့ရဲ့ရုပ် အလောင်းကို ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ဇနီး ကွယ်လွန်သွားတာလည်း သိပ်မကြာသေးဘူး။ လက်ရှိ ဖလမ်းမြို့ရဲ့ အခြေအနေကတော့ တဖြည်းဖြည်းနဲ့ ဆိုးရွားလာနေတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ရုပ်အလောင်း တွေ့ရှိရသည့်နေရာသည် စစ်တပ်က တပ်စွဲထားသည့်နေရာနှင့် နီးကပ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဆုမ်ဟရန်ကျေးရွာမှ ညီအစ်ကိုနှစ်ဦးသည် နေရပ်သို့ပြန် ၍ ကျန်ရှိနေသည့် အိမ်သုံးပစ္စည်းများကို သွားရောက်ယူဆောင်စဉ် တလန်ဇာရ်နှင့် တာလ်ကျေးရွာအကြား၌ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယင်းညီအစ်ကိုနှစ်ဦးကို စစ်တပ်က ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီးနောက် အစ်ကိုဖြစ်သူ အသက် ၃၇ နှစ် အရွယ် ဦးကျော်ထွန်းအောင်မှာ ခြေထောက်၊ ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။ နှိပ်စက်ခံထားရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ညီဖြစ်သူမှာလည်း ဖလမ်းပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
“စကစက ဖလမ်းကို ပြန်ထိန်းချုပ်ပြီးတော့ နေရပ်ပြန်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံး တယ်။ စိတ်ထဲ တစ်မျိုးပဲ။ စကစက နေရပ်ပြန်ဖို့ဆိုပြီး ဖိတ်ခေါ်တယ်၊ တစ်ဖက်မှာလည်း သူတို့ရှိတော့ တိုက်ပွဲ ကြောင့် သေဆုံးတာမဟုတ်ဘဲ သတ်ဖြတ်ခံရလို့ သေဆုံးတာရော၊ ဘာကြောင့်မှန်းမသိ သေဆုံးတာရော ရှိတော့ စိုးရိမ်စရာပဲ” ဟု စစ်ဘေးရှောင် ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါဒါရ်ဘက်မှ ပြန်လာသည့် ကျောင်းဆရာတစ်ဦးကို ဖာရ်ထောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ သေဆုံးရသည့် အကြောင်းရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်က ဖလမ်းမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့မှ စ၍ ရုံးများနှင့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ဖလမ်းမြို့ပေါ်နှင့် ဖလမ်း-ဟားခါးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ကျူးလွန်နေသဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကြား စိုးရိမ်ထိတ်လန့်မှုများ အလွန်မြင့်တက်လျက်ရှိသည်။







