မလေးရှားနိုင်ငံတစ်ဝန်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ရာ နာမည်ကြီးနေရာ ၁၈ ခုကို တစ်ပြိုင်နက် ဝင်ရောက်ဖမ်းဆီးစစ်ဆေးရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၎င်းတို့အနက် ချင်းလူမျိုး ၃၀ ခန့် ပါဝင်နေသည်။
ဇူလိုင်လ ၁၃ ရက်နေ့က မလေးရှားနိုင်ငံတစ်ဝန်းတွင် တရားမဝင်နေထိုင်မှုများပြားသည့် နေရာဒေသ ၁၈ ခုကို လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့အပါအဝင် ဌာနစုံမှ တပ်ဖွဲ့ဝင်အင်အား ၈၇၀ ကျော်ဖြင့် တစ်ပြိုင်နက် စီးနင်းဖမ်းဆီးခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ဆေးမှုအတွင်း အလုပ်ရှင်များအပါအဝင် နိုင်ငံခြားသား ၂,၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး အထောက် အထားမဲ့ တရားမဝင် လုပ်ကိုင်နေထိုင်သည့် နိုင်ငံခြားသား ၅၀၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မလေးရှား ရောက် မြန်မာ့အရေး ကူညီဆောင်ရွက်နေသူများက ဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် ချင်းလူမျိုး ၃၀ ခန့်အပါအဝင် မြန်မာနိုင်ငံသား ၁၀၁ ဦး ပါဝင်ပြီး ချင်းပြည်၊ ဟားခါးမြို့ နယ်မှ ဒေသခံပြည်သူ အများအပြား ပါဝင်နေကြောင်း မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ် ချင်းတွေအများဆုံး ပါဝင်တဲ့ အဖွဲ့တွေကတော့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ပဲ ထားတယ်။ ဒီ ၁၄ ရက်အတွင်းမှာ သူတို့ကို စစ်ဆေးပြီးတော့ တရားရုံးထုတ်၊ မထုတ်ဆိုတာတော့ အခုက မသိရသေးဘူး။ လဝက ဌာနတွေကတော့ တခါတလေ တရားရုံး တင်တာ ရှိတယ်၊ တခါတလေ တရားရုံး မတင်ပဲနဲ့ ထိန်းသိမ်းရေးစခန်းတွေကို တိုက်ရိုက်ပို့တာ ရှိတယ်” ဟု မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးစစ်ဆေးမှုအတွင်း နိုင်ငံတကာဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ် ကိုင်ဆောင်ထားသူများနှင့် တရားဝင် အထောက်အထားရှိသူများမှာ ပြန်လည်လွတ်မြောက်လာသော်လည်း၊ အထောက်အထား မရှိသူများမှာမူ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
အမျိုးသမီး ၉၅ ဦး ပါဝင်သော ဖမ်းဆီးခံရသူ ၅၀၀ ကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉၀ ဦး၊ မြန်မာနိုင်ငံသား ၁၀၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၆ ဦး၊ နီပေါနိုင်ငံသား ၃၈ ဦး၊ အိန္ဒိယနိုင်ငံသား ၃၆ ဦးနှင့် အခြားနိုင်ငံသား ၁၀ ဦး ပါဝင်ပြီး ၎င်းတို့မှာ အသက် ၂၁ နှစ်မှ ၅၂ နှစ်ကြားရှိသူများ ဖြစ်ကြသည်။
မလေးရှားနိုင်ငံတစ်ဝန်းတွင် တရားမဝင်နေထိုင်မှုများပြားသည့် နာမည်ကြီးနေရာ ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိ ထားကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားသဖြင့် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာ နိုင်ငံသားများအနေဖြင့် သတိဖြင့် နေထိုင်ကြရန်နှင့် အထောက်အထားရှိသူများလည်း မိမိတို့နှင့်မကွာ ယူဆောင် သွားကြရန် အသိပေး နှိုးဆော်ထားသည်။
“မလေးရှားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖြစ်၊ ဒီလအတွင်းမှာတော့ အဖမ်းအဆီးက အရင်ကထက် များလာတယ်။ လဝကကလည်း သူတို့ ဟော့စပေါ့နေရာ ၂၀၀ အထိ တွေ့ထား၊ စုံစမ်းထားပြီးဖြစ်တယ်။ အခုက ၁၈ နေရာတော့ ဝင်ဖမ်းပြီး၊ ကျန်တာက အများကြီး ကျန်နေသေးတယ်။ အဲ့ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ဖြစ်၊ အိမ်မှာ နေတဲ့ အချိန်ဖြစ်ဖြစ် သတိနဲ့ နေဖို့ လိုတယ်။ လက်ရှိကိုင်ဆောင်ထားတဲ့ အထောက်အထား တွေကိုလည်း ကိုယ်နဲ့ မကွာ ဆောင်ထားဖို့ လိုပါတယ်” ဟု MMA အသင်း တာဝန်ရှိသူက ဆက်ပြောသည်။
ကွာလာလမ်ပူနှင့် ဆလန်ဂေါပြည်နယ်တို့တွင် တရားမဝင်နေထိုင်မှုများပြားသည့် နေရာဒေသ ၁၀၀ ဝန်းကျင်နှင့် ကျန်ပြည်နယ်များတွင် ၁၀၀ ခန့်ရှိကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်ကလည်း ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှားအာဏာပိုင် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်ရွှေ့ပြောင်း နိုင်ငံခြားသား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့အနက် ချင်းလူမျိုး ၆၀ ခန့် ပါဝင်ခဲ့သည်။







