ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ထောက်ပံ့လှူဒါန်း

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ထောက်ပံ့လှူဒါန်း

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသအတွင်းရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) က ငွေကျပ်သိန်း ၅၀ ကို ULA/ AA ထံသို့ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (HDCO) ထံသို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ (MTC/MDF) တပ်ဖွဲ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

(MTC/MDF) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျနော်တို့ လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဇူလိုင်လ ၁၄ ရက်က လှူဒါန်းခဲ့ပါတယ်။ သဘာဝဘေးဒဏ်တစ်ခုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေအတွက် လိုအပ်တဲ့ နည်းနည်းများ အထောက်အကူ ဖြစ်မလားဆိုပြီးတော့ပေါ့လေ၊ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပါတယ်” ဟု ပြောသည်။

ချင်းပြည်၊ မရာဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် အာရက္ခတပ်တော် (ULA/AA) ၏ ချင်းတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအနက် အစောဆုံး မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး၊ ပလက်ဝမြို့နယ် အတွင်း ရှိ စခန်းသိမ်းတိုက်ပွဲကြီးများတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသရှိ မြို့နယ် ၇ ခုထက် မနည်းတွင် ဇူလိုင်လပထမပတ်မှ စတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းခန့် ရေဘေးသင့်ခဲ့သည်။

ထို့ကြောင့် ရေဘေးသင့်ပြည်သူ ထောင်နှင့်ချီကာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် သောက်သုံးရေ အစရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (HDCO) ရုံးသည် လက်ရှိ ရေဘေးကို ‘တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ’ အဖြစ် သတ်မှတ်ကာ ရေဘေးတုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် ပြင်ဆင်နေသည်။

ရေဘေးသင့်နေရာဒေသများရှိ ပြည်သူများ၊ တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် အင်တာနက် အသုံးပြုနိုင်သည့် အခြေအနေရှိပါက ရေဘေးနှင့်ပတ်သက်၍ တိကျသောအချက်အလက်များ ပေးပို့ခြင်း၊ အရေးပေါ် အကူအညီလိုအပ်ချက်များ တောင်းခံခြင်းတို့ကို [email protected] နှင့် တယ်လီဂရမ်ချန်နယ် @ULAHDCOAVM သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထံမှ ထုတ်ပြန်ထားသည်။

August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...