ဂျာဒွဲ - ရန်ကုန်မြို့တွင် ဧပြီလကုန်အထိ လျှပ်စစ်ဓာတ်အား ၁၅၀ယူနစ်အထိ အခမဲ့ပေးရန် ဆောင်ရွက်နေပြီဖြစ်သော်လည်း မြစ်ကြီးနားမြို့တွင်မူ ယင်းအစီအစဥ်မရှိသေးကြောင်း ဘူးဂါးကုမ္ပဏီလီမိတက် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းထံမှ သိရသည်။
ယင်းညွှန်ကြားချက်သည် သမ္မတရုံးမှသာဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုမ္ပဏီသို့ ညွှန်ကြားလာမှသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေး အထွေထွေမန်နေဂျာ ဦးလအောင်က ပြောသည်။
"ကျွန်တော်တို့က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကဖြစ်တဲ့အတွက် အဲဒီက ညွှန်ကြားချက် ထွက်လာမှသာ ညွှန်ကြားချက်အတိုင်း သွားမှာပါ”ဟု ဦးလအောင်က ပြောသည်။
ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါ) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဟု အစိုးရက ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။







