မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ (၁၇)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ (၁၇)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

မြတ်ဆွေ  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက အရာဝတ္ထု တစ်ခု ပေါက်ကွဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်လူငယ်တစ်ဦး သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

သေဆုံးသူမှာ ငလုံးချေဆိုသူဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ကိုဇော်လင်းနှင့်အတူ တောထဲမှ ထင်းခုတ်၍ပြန်လာစဉ် လက်နက်ကြီးကျည် ထိမှန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ငလုံးချေမှာ ခန္ဓာကိုယ်နှင့် ဘယ်ဘက်နံရိုးတွင် မီးလောင်ကျွမ်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်း၏ဒေါ်လေး ဖြူမချေက ပြောသည်။

“မှိုင်းထောင်ထားတာလား။ (လက်နက်ကြီး) ကျလာတာလားတော့ အတိအကျမသိပါ။ တိုက်ပွဲလည်းမဖြစ်ဘူး။ ပစ်သံတွေ လည်းမကြားရဘူး။ သူကထမင်းစားပြီးတော့ ထင်းခုတ်ဖို့ ထွက်သွားတယ်။ သူနဲ့အတူပါသွားတဲ့ ကိုဇော်လင်းက လာပြီးပြောလာတော့မှ သိရတယ်။ သူကလည်း နားမကြားတော့ဘူး။ သူပြောတာပဲနားထောင်ရတယ်။ ကျမတို့ပြောတာ သူမကြားတော့ဘူး” ဟု ၎င်းကဆိုသည်။

ဒေသခံများကမူ လက်နက်ကြီးကျည်ပေါက်ကွဲ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

၎င်းတို့ ထင်းခုတ်ရန်သွားသည့်နေရာသည် ရွာနှင့် ၂ မိုင်ခန့်ဝေးကွာပြီး ကိုဇော်လင်း လာရောက်ပြောပြသောကြောင့် နေ့လယ် (၃)နာရီခန့်တွင် အလောင်းကိုသယ်ဆောင်ခဲ့သည်။

၎င်းတို့မိသားစုသည် ဆင်းရဲမွဲတေသောကြောင့် ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသူများဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

တစ်နေ့တည်းပင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာတွင်လည်း အခြေခံပညာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားခဲ့သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...