မြတ်ဆွေ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက အရာဝတ္ထု တစ်ခု ပေါက်ကွဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်လူငယ်တစ်ဦး သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။
သေဆုံးသူမှာ ငလုံးချေဆိုသူဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ကိုဇော်လင်းနှင့်အတူ တောထဲမှ ထင်းခုတ်၍ပြန်လာစဉ် လက်နက်ကြီးကျည် ထိမှန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ငလုံးချေမှာ ခန္ဓာကိုယ်နှင့် ဘယ်ဘက်နံရိုးတွင် မီးလောင်ကျွမ်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်း၏ဒေါ်လေး ဖြူမချေက ပြောသည်။
“မှိုင်းထောင်ထားတာလား။ (လက်နက်ကြီး) ကျလာတာလားတော့ အတိအကျမသိပါ။ တိုက်ပွဲလည်းမဖြစ်ဘူး။ ပစ်သံတွေ လည်းမကြားရဘူး။ သူကထမင်းစားပြီးတော့ ထင်းခုတ်ဖို့ ထွက်သွားတယ်။ သူနဲ့အတူပါသွားတဲ့ ကိုဇော်လင်းက လာပြီးပြောလာတော့မှ သိရတယ်။ သူကလည်း နားမကြားတော့ဘူး။ သူပြောတာပဲနားထောင်ရတယ်။ ကျမတို့ပြောတာ သူမကြားတော့ဘူး” ဟု ၎င်းကဆိုသည်။
ဒေသခံများကမူ လက်နက်ကြီးကျည်ပေါက်ကွဲ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ယူဆထားကြသည်။
၎င်းတို့ ထင်းခုတ်ရန်သွားသည့်နေရာသည် ရွာနှင့် ၂ မိုင်ခန့်ဝေးကွာပြီး ကိုဇော်လင်း လာရောက်ပြောပြသောကြောင့် နေ့လယ် (၃)နာရီခန့်တွင် အလောင်းကိုသယ်ဆောင်ခဲ့သည်။
၎င်းတို့မိသားစုသည် ဆင်းရဲမွဲတေသောကြောင့် ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသူများဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
တစ်နေ့တည်းပင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာတွင်လည်း အခြေခံပညာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားခဲ့သည်။







