ရခိုင်ကို လေတပ်စခန်း ၄ ခုက လေကြောင်းစစ်ဆင်ရေး လုပ်နေ

ရခိုင်ကို လေတပ်စခန်း ၄ ခုက လေကြောင်းစစ်ဆင်ရေး လုပ်နေ

စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ ပြုလုပ်ပြီး ဒေသခံများအား ဖိအားပေးတိုက်ခိုက်နေကြောင်း လေကြောင်းစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခု ဖြစ်သည့် EAR က ဆိုထားသည်။

ဧပြီလ ၂၈ ရက်က ထုတ်ပြန်သည့် ရခိုင်ဒေသသို့ စစ်အုပ်စု၏ လေကြောင်းအန္တရာယ် ရောက်ရှိနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်ရာတွင် စစ်အုပ်စု အသုံးပြုသည့် လေတပ်များမှာ တံတားဦးလေတပ်၊ မိတ္ထီလာ(ရှမ်းတဲ) လေတပ်၊ နေပြည်တော်(အေလာ) လေတပ်၊ မကွေး လေတပ်တို့ဖြစ်ကြောင်း ဖော်ပြသည်။

ဧပြီလ ၂၉ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အစပ်ရှိ မင်းချောင်းတံတားအနီးနှင့် ရသေ့တောင်မြို့နယ် မူစဲကျွန်းဒေသကို လေယာဉ်အုပ်စုလိုက်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်တပ်သည် လက်ရှိတွင် တော်လှန်ရေးအင်အားစုများထံ သိမ်းယူခံလိုက်ရသည့် ၎င်းတို့၏ ဆုံးရှုံးနယ်မြေများအား ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးပမ်းနေပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ် ဒေသများကို လေကြောင်းစစ်ဆင်ရေးပြုလုပ်ကာ ဖိအားပေးလျက်ရှိနေသည်။

ယင်းအပြင် လက်ရှိ ရခိုင်ဒေသအတွင်းရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ထိန်းချုပ်ထားရာ စစ်ကောင်စီက ရှမ်းမြောက်တွင် ကျင့်သုံးခဲ့သည့် လေကြောင်းဗျူဟာအတိုင်း ရခိုင် ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေကြောင်း EAR က ဆိုသည်။

လက်ရှိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ယခင်ကဲ့သို့ လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲခြင်းမဟုတ်ဘဲ တိုက်ခိုက်မှု ပုံစံပြောင်းပြီး လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ အများအပြား ကြဲချတိုက်ခိုက်မှုကို အသွင်ပြောင်းလာနေသည်။

လက်ရှိတွင် စစ်အုပ်စုအနေဖြင့် အာရက္ခတပ်တော်ကဲ့သို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုပါ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်အမျိုးသားတစ်ဦးက “ နိုင်ငံရေးဆွေးနွေးဖို့ အပစ်ရပ်ဖို့ကို ဖိတ်ခေါ်နေပေမယ့် တစ်ဖက်မှာတော့ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတယ်။ ဒါက ငါတို့နဲ့ ဆွေးနွေးရင် ဆွေးနွေး၊ မဟုတ်ရင် ဒီလိုပဲ လုပ်နေမှာလို့ အသိပေးနေတာ။ အခုလည်း နေ့တိုင်း ဗုံးကြဲမှုလုပ်ပြီး ပြည်သူကို မရမက ဖိအားပေးနေတယ်။ ရှေ့မှာလည်း ရှမ်းမြောက်ကို ကြည့်ရင် လေကြောင်းဖိအားကြောင့် အပစ်ရပ်လိုက်ရတဲ့ သာဓကရှိတယ်။ ဒီတော့ သူတို့ လိုချင်တာမရသရွေ့တော့ စကစက ဒီလိုပဲ ပြည်သူကို သတ်ဖြတ်၊ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိမဲ့ အနေအထားမှာ ရှိတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာနေရာများ၊ သာသနိက အဆောက်အအုံများ၊ ဆေးရုံ၊ စာသင်ကျောင်းစသည့်နေရာများအား ပစ်မှတ်ထား တိုက်ခိုက်လာနေသဖြင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။

ဧပြီလ ၁၉ ရက်က မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအား စစ်တပ်က တစ်ရက်ထဲတွင် ဂျက်ဖိုက်တာ အုပ်စုလိုက်ဖြင့် ၂ ကြိမ်တိုင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် သံဃာတော်များအပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းလည်း မီးလောင်ပြာကျခဲ့ရသည်။

ယင်းတစ်ရက်အတွင်း ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေဖြူကန်ကျေးရွာ၊ ငှက်ကြီးကျွန်း ကျေးရွာတို့ကို လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ လေကြောင်းဗုံးကြဲမှုများနှင့်အတူ ရခိုင်ဒေသခံများမှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် အဖက်ဖက်က ထိခိုက်မှုများကို ခံစားနေကြသည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “ အခုက တစ်စီးထဲနဲ့ မလာတော့ဘူး။ ကင်းထောက်ရော၊ ဗုံးကြဲတဲ့ ကောင်ရော စုပြီးလာတယ်။ ညအိပ်ရင်လည်း လုံခြုံတယ်လို့ မခံစားရတော့ဘူး။ ဘယ်အချိန် လာချမလဲ တွေးပြီး ကြောက်စိတ်ဝင်နေတာ။ လူများတဲ့ နေရာတွေဆို အခုနောက်ပိုင်း တတ်နိုင်သလောက် ရှောင်တာပဲ” ဟု ပြောသည်။

ရခိုင်ပြည်ကို လာတိုက်နေသည့် လေယာဉ်များ၏ ကြာချိန်

EAR ၏ ထုတ်ပြန်ချက်အရ မကွေးလေတပ်ပျံတက်လာသည့် MiG-29 တိုက်လေယာဉ်သည် ၆ မိနစ်အတွင်း အမ်းမြို့နယ်၊ ၁၀ မိနစ်အတွင်း မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ၁၂ မိနစ်အတွင်း မြောက်ဦး၊ သံတွဲ၊ ၁၄ မိနစ်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ စစ်တွေ၊ ၁၆ မိနစ်အတွင်း ပလက်ဝ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ၁၈ မိနစ်အတွင်း မောင်တော မြို့နယ်တို့ကို ရောက်နိုင်ကြောင်း ဖော်ပြသည်။

ယင်းအပြင် မကွေးလေတပ်ကနေ Y-12‌ လေယာဉ်ဖြင့်ဆိုလျှင် ၂၇ မိနစ်အတွင်း အမ်း၊ ၄၂ မိနစ်အတွင်း မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ၅၁ မိနစ်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ၅၇ မိနစ်အတွင်း ကျောက်တော်၊ စစ်တွေ၊ ၆၆ မိနစ်အတွင်း ပလက်ဝ၊ ဘူးသီးတောင်၊ ရသေ့တောင် နှင့် ၇၄ မိနစ်အတွင်း မောင်တောနှင့် ဂွမြို့နယ်တို့ကို ရောက်နိုင်သည်။

မိတ္ထီလာ(ရှမ်းတဲ) လေတပ်မှ FTC2000G တိုက်လေယာဉ်သည် ၁၈ မိနစ်အတွင်း အမ်း၊ ၂၀ မိနစ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်တော်၊ ၂၄ မိနစ်အတွင်း ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ စစ်တွေ၊ ရသေ့တောင်၊ ၂၇ မိနစ်အတွင်း ဘူးသီးတောင်၊ ၂၈ မိနစ်အတွင်း မောင်တော နှင့် ၃၀ မိနစ်အတွင်း ဂွမြို့နယ်တို့ကို ရောက်ရှိနိုင်ကြောင်း ဖော်ပြသည်။

မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ JF17 တိုက်လေယာဉ်ဖြင့် ၂၂ မိနစ်အတွင်း အမ်း၊ ၃၇ မိနစ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်တော်၊ ၃၀ မိနစ်အတွင်း ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ ရသေ့တောင်၊ စစ်တွေ၊ ၃၄ မိနစ်အတွင်း ဘူးသီးတောင်၊ ၃၅ မိနစ်အတွင်း မောင်တောနှင့် ၃၈ မိနစ်အတွင်း ဂွမြို့နယ်တို့ဖြစ်သည်။

နောက်ထပ် မိတ္ထီလာ(ရှမ်းတဲ)လေတပ်မှ MIG29 လေယာဉ်ဖြင့် ၁၅ မိနစ်အတွင်း အမ်း၊ ၁၈ မိနစ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်တော်၊ ၂၀ မိနစ်အတွင်း ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ ရသေ့တောင်၊ စစ်တွေ၊ ၂၂ မိနစ်အတွင်း ဘူးသီးတောင်၊ ၂၃ မိနစ်အတွင်း မောင်တောနှင့် ၂၅ မိနစ်အတွင်း ဂွမြို့နယ်တို့ ဖြစ်သည်။

မိတ္ထီလာ(ရှမ်းတဲ)လေတပ်မှ Y-12 စစ်ထောက်ပို့လေယာဉ်ဖြင့် ၆၁ မိနစ်အတွင်း အမ်း၊ ၇၀ မိနစ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်တော်၊ ၈၃ မိနစ်အတွင်း ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ ရသေ့တောင်၊ စစ်တွေ၊ ၉၁ မိနစ်အတွင်း ဘူးသီးတောင်၊ ၉၆ မိနစ်အတွင်း မောင်တောနှင့် ၁၀၃ မိနစ်အတွင်း ဂွမြို့နယ်တို့ ဖြစ်ကြောင်း ဆိုသည်။

မိတ္ထီလာလေတပ်မှ YAK-130 တိုက်လေယာဉ်ဖြင့် ၂၂ မိနစ်အတွင်း အမ်း၊ ၂၇ မိနစ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်တော်၊ ၃၀ မိနစ်အတွင်း ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ ရသေ့တောင်၊ စစ်တွေ၊ ၃၄ မိနစ်အတွင်း ဘူးသီးတောင်၊ ၃၅ မိနစ်အတွင်း မောင်တောနှင့် ၃၈ မိနစ် အတွင်း ဂွမြို့နယ်တို့ ဖြစ်သည်။

နေပြည်တော်(အေလာ)လေတပ်မှ JF-17 လေယာဉ်ဖြင့် ၂၂ မိနစ်အတွင်း အမ်း၊ ၂၇ မိနစ်အတွင်း မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ၃၃ မိနစ်အတွင်း မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ဂွ၊ မြောက်ဦး၊ ၃၄ မိနစ်အတွင်း ကျောက်တော်၊ စစ်တွေ၊ ၃၈ မိနစ်အတွင်း ရသေ့တောင်နှင့် ၄၀ မိနစ်အတွင်း မောင်တောနှင့် ဘူးသီးတောင်တို့ဖြစ်သည်။

အေလာလေတပ်မှ SU30SME တိုက်လေယာဉ်ဖြင့် ၁၄ မိနစ်အတွင်း အမ်း၊ တောင်ကုတ်၊

၁၇ မိနစ်အတွင်း မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ ၂၁ မိနစ်အတွင်း ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဂွ၊ ၂၂ မိနစ်အတွင်း စစ်တွေ၊ ကျောက်တော်၊ ၂၄ မိနစ်အတွင်း ရသေ့တောင်၊ ပလက်ဝ၊ ၂၆ မိနစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောတို့ ဖြစ်သည်။

အေလာလေတပ်မှ YAK-130 တိုက်လေယာဉ်ဖြင့် ၂၁ မိနစ်အတွင်း အမ်း၊ တောင်ကုတ်၊ ၂၇ မိနစ်အတွင်း မြေပုံ၊ မင်းပြား၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပေါက်တော၊ ၃၃ မိနစ်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဂွ၊ ၃၄ မိနစ်အတွင်း စစ်တွေ၊ ကျောက်တော်၊ ၃၈ မိနစ်အတွင်း ရသေ့တောင်၊ ပလက်ဝနှင့် ၄၀ မိနစ်အတွင်း ဘူးသီးတောင်၊ မောင်တောတို့ဖြစ်သည်။

တံတားဦးလေတပ်မှ Y-12 လေယာဉ်ဖြင့် ၇၅ မိနစ်အတွင်း အမ်း၊ ၈၅ မိနစ်အတွင်း မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ၈၉ မိနစ်အတွင်း ပုဏ္ဏားကျွန်း၊ ၉၄ မိနစ်အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော၊ ၁၀၃ မိနစ်အတွင်း သံတွဲ နှင့် ၁၂၃ မိနစ်အတွင်း ဂွမြို့နယ်တို့ ဖြစ်သည်။

တံတားဦးလေတပ်မှ YAK-130 လေယာဉ်ဖြင့် ၂၈ မိနစ်အတွင်း အမ်း၊ မြောက်ဦး၊ ၃၁ မိနစ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပလက်ဝ၊ ၃၃ မိနစ်အတွင်း ပုဏ္ဏားကျွန်း၊ ၃၅ မိနစ်အတွင်း စစ်တွေ၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော၊ ၃၈ မိနစ်အတွင်း သံတွဲနှင့် ၄၅ မိနစ်အတွင်း ဂွမြို့နယ် တို့ဖြစ်သည်။

“ ERA ရဲ့ ထုတ်ပြန်ချက်ကို လိုက်ကြည့်တော့ အနီးဆုံးဟာ မကွေး လေတပ်ကနေ တိုက်လေယာဉ်တွေဟာ အမ်းမြို့သို့ ၆ မိနစ်နဲ့ ရောက်တယ်။ အဝေးဆုံးအနေနဲ့ မိတ္ထီလာလေတပ်ကနေ အမ်းမြို့ကို Y 12 ဟာ တစ်နာရီ ကြာတာတွေ့ရတယ်။ ဆိုတော့ မကွေးလေတပ်က ရခိုင်ပြည်အတွက် အရမ်း အန္တရာယ်များတယ်လို့ ဆိုရမယ် ” ဟု ရခိုင်ပြည်စစ်ရေးစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

ယခု EAR ဖော်ပြထားသည့် ကြာချိန်မိနစ်များမှာ ခန့်မှန်းတွက်ချက်ထားသော ကြာချိန်များသာ ဖြစ်သဖြင့် မြေမျက်နှာသွင်ပြင် အနေအထား၊ လေယာဉ်၏ လက်နက်တပ်ဆင်ခြင်းအခြေအနေနှင့် ရာသီဥတု အခြေအနေများအပေါ် မူတည်၍ ကွာဟချက်အနည်းငယ်ရှိနိုင်ကြောင်း ဆိုထားသည်။

အာဏာသိမ်းစစ်တပ်က ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှု အသွင်ပြောင်းလာမှုနှင့်အတူ ရခိုင်ဒေသခံများ အနေဖြင့် လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုမိုဂရုစိုက်နေထိုင်ကြရန် ဒေသတွင်း လူမှုအဖွဲ့အစည်းများက တိုက်တွန်းထားကြသည်။

လူမှုကူညီရေးလုပ်နေသူ ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “ လေယာဉ်ကြဲတာတွေ အကြိမ်ရေများ လာတာကို ကြည့်ပြီး ပြည်သူတွေဖက်ကလည်း လူစုလူဝေးလုပ်တာတွေ ရှောင်သင့်တယ်။ ပြီးတော့ အိမ်တိုင်းမှာ ဗုံးခိုကျင်းလိုတယ်။ တာဝန်ရှိတဲ့သူတွေဖက်ကလည်း လေကြောင်းအသိပေးစနစ်ကို ပို အသက်ဝင်အောင် လုပ်ဖို့ လိုနေပြီ။ နောက်ပြီး ကလေးတွေကိုလည်း လေယာဉ်လာရင် ဘယ်လို ပုန်းရမယ်၊ ဝပ်ရမယ်ဆိုတာမျိုးကို သင်ပေးဖို့ လိုအပ်လာတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲမှု အသွင်ပြောင်း လာခြင်းနှင့်အတူ လေကြောင်းသတိပေးစနစ်များကို အကောင်အထည်ဖော်ရန်လိုအပ်လာပြီး ပြည်သူများ အနေဖြင့်လည်း အိမ်တိုင်းတွင် ဗုံးခိုကျင်းတူးထားကြရန် တိုက်တွန်းမှုများလည်း ရှိနေသည်။

DMG က ကောက်ယူထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလ အထိ ၂ နှစ်တာအတွင်း ရခိုင်ဒေသကို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉၁ ဦး ထက်မနည်း သေဆုံးပြီး ၈၃၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသွားသူများထဲတွင် ခြေလက်အင်္ဂါဆုံးရှုံးခဲ့သူများ၊ ‌အိုးအိမ်ပိုင်ဆိုင်မှု ဆုံးရှုးသူများ ရှိနေပြီး ကူညီထောက်ပံ့မှု လိုအပ်လျက်ရှိနေသည်။

ပုံစာ- စစ်ရေးလေ့ကျင့်ပျံသန်းနေသည့် အာဏာသိမ်းစစ်တပ်၏ ဂျက်တိုက်လေယာဉ်များ။ ဓာတ်ပုံ- MOI

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...