သတင်းအေဂျင်စီ ၃ ခုကို ပိတ်သိမ်းကြောင်း စစ်အစိုးရသစ် ကြေညာ

သတင်းအေဂျင်စီ ၃ ခုကို ပိတ်သိမ်းကြောင်း စစ်အစိုးရသစ် ကြေညာ

စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ် အခြေစိုက်သတင်းဌာနကြီးများဖြစ်သည့် ခိုနူမ်းသုန်(Khonumthung Media Group) နှင့် ချင်းဝေါလ်အပါအဝင် သတင်းဌာန သုံးခုကိုပိတ်သိမ်းကြောင်း အသွင်းပြောင်းစစ်အစိုးရသစ်၊ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။ 

ခိုနုမ်းသုန် ( Khonumthung) ၊ ချင်းဝေါလ် (Chin World) နှင့် မျက်မှောက်ခေတ် သတင်းအေးဂျင်စီလုပ်ငန်းတို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း ယနေ့ ဧပြီလ ၂၄ ရက်တွင် အာဏာသိမ်း စစ်အစိုးရသစ်၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

အာဏာသိမ်းစစ်အုပ်စုအနေဖြင့် သတင်းမီဒီယာလုပ်ငန်း လိုင်စင်များကို မည်ကဲ့သို့ ပိတ်သိမ်းသည်ဖြစ်စေ Khonumthung သတင်းဌာနသည် အမှန်တရားနှင့် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းအချက်အလက်များကို လူထုထံအချိန်နှင့် တပြေးညီ ရရှိနိုင်ရေး ဆက်လက်လုပ်သွားမည်ဟု ခိုနုမ်းသုန်သတင်းဌာန တာဝန်ခံအယ်ဒီတာ ဆလိုင်း ရောဘတ်က ပြောသည်။ 

“ဒီဟာက အထူးအဆန်းလို့ မမြင်မိဘူး။ ဘာကြောင့်လို့လဲဆို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့ နောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကလည်း လုံးဝကို မရှိတော့ဘူး။ အာဏာသိမ်း စစ်တပ်ကိုယ်၌ကိုက ကျနော်တို့လို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ရန်သူလို ပစ်မှတ်ထားပြီး ထုတ်ဝေခွင့်လိုင် စင်တွေပိတ်သိမ်းခဲ့တယ်၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်တပ်က သူတို့အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့၊ သူတို့ကို ဆန့်ကျင်တယ်ထင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ သတင်းဌာန တွေကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး၊ အများပြည်သူ အေးချမ်း သာယာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဖမ်းဆီးထောင်ချတာ၊ လုပ်ငန်း လိုင်စင်တွေ ပိတ်သိမ်း တာတွေလုပ်နေကြပါ။ အခုလည်း ဒီအတိုင်းလုပ်ဆောင်လာတဲ့ သဘောပါပဲ” ဟု ခိုနူမ်းသုန်သတင်းဌာန တာဝန်ခံအယ်ဒီတာ ဆလိုင်းရောဘတ်က ပြောသည်။

Khonumthung Media Group အနေဖြင့် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် NLD အစိုးရလက်ထက်တုန်းက သတင်းအေဂျင်စီအနေဖြင့် တရားဝင်မှတ်ပုံ တင်လျှောက်ထားခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးသည့်အခါ သက်တမ်းတိုးရန်အကြောင်းကြားစာရောက်လာသော်လည်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်တွင် သက်တမ်းပြန်လည်မတိုးတော့ကြောင်း ခိုနူမ်းသုန်သတင်းဌာန တာဝန်ခံအယ်ဒီတာကပြောသည်။ 

စစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် ရယူထားသူ ဦးဂျေမှိန်းထန်းစန်းငါ၏ Khonumthung Media Group ၊ ဆလိုင်းရန်လင်းမာန်၏ Chin World၊ ဦးမင်းထက်အောင်၏ မျက်မှောက် ခေတ် (Nowadays News) တို့သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို လိုက် နာ ခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုစေသည့် အကြောင်း အရာ များကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည်ဟု ဖော်ပြထားသည်။ 

အဆိုပါသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေ ရေးသားထုတ်လွှင့်ခြင်း မပြုရန် ကြေညာသည်ဟု စစ်အစိုးရက ထုတ်ပြန်သည်။ 

မင်းအောင်လှိုင်သည် စစ်ဘောင်ဘီချွတ်ပြီး ပုဆိုးဝတ်လဲ အသွင်းမပြောင်းမီကလည်း မီဒီယာကို ကန့်သတ်ချုပ်ချယ်ရန် ဥပဒေများ ထုတ်ခဲ့ကြောင်း၊ လက်ရှိမှာလည်း မီဒီယာကို ချုပ်ကိုင်ဖို့ရန်နှင့် ပိုပြီး ဖိုနှိပ်ဖို့ရန်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။ 

“သတင်းမီဒီယာမှာ အဓိက အမှားဆုံးက မီဒီယာသမားတွေ လိုင်စင်လိုတယ်ဆိုတာက စပြီး မှားနေပါတယ်။ တကယ်တော့ ဖွံ့ဖြိုးပြီးသာ ဒီမိုကရေစီရှင်သန်တဲ့ တိုင်းပြည်တွေမှာ မီဒီယာလိုင်စင်ဆိုတာ လိုကို၊ မလိုပါဘူး။ အဲဒါကြောင့် လိုင်စင်လိုတဲ့ မီဒီယာဥပဒေတွေက ဖျက်သိမ်းသင့်ပါတယ်။ ဘယ်သူက ပေးမှ ခွင့်ပြုမှ လုပ်စရာမလိုပါဘူး။ ကိုယ့်မှာ ကိုယ့်ပရိတ်သတ် ရှိမယ်။ ပရိတ်သတ် သိသင့် ၊ သိထိုက်တဲ့ သတင်းကို ကိုယ်က ပရိတ်သတ်ဆီ ရောက်နေမယ်။ အထူးသဖြင့်တော့ လိုင်စင်ဆိုတဲ့ ဟာကြီးက မလိုအပ်ပဲနဲ့ သက်သက်ထိန်းချုပ်ဖို့ လုပ်ထားတဲ့ စနစ်ဆိုးကြီးပါ။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်တော့ အဲဒီထဲမှာ ရှိတဲ့ မီဒီယာဥပဒေ ၃ ခုစလုံးကို ဖျက်လိုက်ပါ။ အထူးသဖြင့် မီဒီယာ လုပ်ငန်းကို လိုင်စင်နဲ့ ထိန်းချုပ်မယ်ဆိုတာ မီဒီယာ လုပ်ငန်းကို facilitate လုပ်ဖို့ မဟုတ်ပါဘူး။ ထိန်းချုပ်ဖို့ သက်သက် လုပ်ထားတဲ့ မလိုတဲ့ စစ်တပ်ရဲ့ ယန္တရား ဖြစ်ပါတယ်။ အဲဒါကြောင့် ခိုနူမ်းသုန်လို သတင်းဌာနအနေနဲ့ လိုင်စင် ရှိရှိ၊ မရှိရှိ၊ ဖျက်သိမ်းတယ်ဆိုတာ ကိုယ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ကိုယ်လုပ်စရာ ရှိတာ အလုပ်ကို ဆက်လုပ်ဖို့ လိုတယ်လို့ ပြောပါရစေ” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။ 

လက်ရှိ ပိတ်သိမ်းခံရသော ခိုနူမ်းသုန်နှင့် ချင်းဝေါလ်သတင်းဌာနသည် တိုင်းရင်းသားသတင်းဌာနများ အပါအဝင် သတင်းဌာန ၁၅ ခုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ မြန်မာသတင်း (BNI) ၏ အဖွဲ့ဝင် ချင်းသတင်းဌာနများ ဖြစ်သည်။ 

အာဏာသိမ်းစစ်အုပ်စုသည် သတင်းမီဒီယာလုပ်ငန်း ၁၅ ခုကို လိုင်စင်များ ဖျက်သိမ်းထားပြီး အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်အုပ်စုနှင့် အပေါင်းအပါများသည် သတင်းသမား ၇ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို လက်ရှိ သတင်းသမား ၄၀ ကျော်သည် အကျဉ်းကျနေဆဲဖြစ်သည်ဟု IPCM ၏ အချက်အလက်များအရ သိရသည်။

April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...
April 21, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့်...