ထိုင်း-ကရင်နယ်စပ်က ငွေလိမ်ဂိုဏ်းသတင်းပေးနိုင်သူကို ဒေါ်လာ(၁၀)သန်း ဆုချမည်

ထိုင်း-ကရင်နယ်စပ်က ငွေလိမ်ဂိုဏ်းသတင်းပေးနိုင်သူကို ဒေါ်လာ(၁၀)သန်း ဆုချမည်
Google Map
Google Map

ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး သတင်းပေးပို့နိုင်သူကို ဆုကြေးငွေ ဒေါ်လာ(၁၀)သန်း ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်နေ့တွင် ကြေညာသည်။

“ထိုက်ချန်”ကျားဖြန့်လုပ်ငန်းနှင့်ဆက်နွယ်ပြီး ငွေကြေးခဝါချမှုအတွင်းပါဝင်နေသည့် ငွေများပြန်လည်ဖော်ထုတ်နိုင်ရန်အတွက် သတင်းပို့နိုင်သူအား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ ဆုငွေချီးမြှင့်ခြင်းအစီအစဥ်- TOCRP အောက်မှ ဆုကြေးငွေချီးမြင့်သွားမည်ဟု အမေရိကန်က ဆိုသည်။

ကြေညာချက်တွင် “ထိုက်ချန်” လုပ်ငန်းတည်နေရာ(၄)ခုကိုပါ ထည့်သွင်းဖော်ပြထားသည်။ ၎င်းအနက် နေရာ(၃)ခုမှာ ကရင်ပြည်နယ်၊ မြဝတီမြို့၏တောင်ဘက်ရှိ ကျောက်ခက်ဒေသ၊ ဖလူးနှင့်ကျောက်ခက်ဒေသကြား စသည်ဖြင့် မြဝတီမြို့နယ်အတွင်းရှိ နယ်စပ်ဒေသများကို ရည်ညွှန်းထားခြင်းဖြစ်သည်။

သတင်းပေးပို့လိုသူများအနေဖြင့် အမေရိကန်နိုင်ငံအတွင်းရှိပါက သက်ဆိုင်ရာ FBI ရုံးသို့ ဆက်သွယ်နိုင်ပြီး နိုင်ငံပြင်ပတွင် နီးစပ်ရာအမေရိကန်သံရုံးမှတဆင့် သတင်းပေးပို့နိုင်သည်ဟု ဆိုသည်။ ထို့အတူ [email protected] သို့လည်း အီးမေးလ်ပေးပို့နိုင်ကြောင်း အမေရိကန်က ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို-FBI က အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ခြေရာခံရာတွင် အများစုမှာ ၎င်းတို့တရားမဝင်ရရှိထားသော ငွေကြေးအစွန်းအမြတ်များကို ခြေရာခံနိုင်ဖို့ခက်ခဲသော ဒစ်ဂျစ်တယ်ငွေကြေး(Cryptocurrency)အဖြစ် ပြောင်းလဲကာ သိမ်းဆည်းလာကြကြောင်း သိရသည်။

၎င်းငွေကြေးများကို သိမ်းဆည်းလိုက်ခြင်းဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများ၏ ဘဏ္ဍာရေးယန္တရားကို ပြိုလဲစေမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတင်းအချက်အလက်ပေးပို့ကြရန် အမေရိကန်က တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယားနိုင်ငံတွင်ပါ ငွေလိမ်ဂိုဏ်းဖွင့်ရန်ကြိုးပမ်းနေသည့် တရုတ်နိုင်ငံသား(၂)ဦးကို အမေရိကန် တရားရေးဌာနမှ တရားစွဲဆိုထားသည်။ လူကုန်ကူးခံရသူများကို စုဆောင်းရာတွင်အသုံးပြုသည့် တယ်လီဂရမ်ချန်နယ်တစ်ခုနှင့် ငွေလိမ်လုပ်ငန်းတွင်အသုံးပြုသည့် ဝက်ဘ်ဆိုက်(၅၀၃)ခုကိုပါ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံရှိ ငွေလိမ်ရာဇဝတ်ဂိုဏ်းကွန်ရက်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း (၂၈)ခုကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားကြောင်းလည်း အမေရိကန်၏ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရ၏ခန့်မှန်းချက်အရ ၎င်းတို့နိုင်ငံသားများကိုပစ်မှတ်ထားလာသည့် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၇.၂) ဘီလံယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အမေရိကန်နိုင်ငံဘက်က တရားရေး၊ စစ်ဆေးရေး၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များပူးပေါင်းဖွဲ့စည်းထားသော အွန်လိုင်းလိမ်လည်မှုစင်တာများ တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို ဖွဲ့စည်းခြင်းရှိခဲ့သည်။ 

ထို့အတူ ၂၀၂၅ ခုနှစ်နောက်ပိုင်းမှစ၍ အရှေ့တောင်အာရှ အွန်လိုင်းငွေ လိမ်လည်လုပ်ငန်းများ အမြစ်ပြတ်ချေမှုန်းရေးနှင့်ပတ်သက်၍ SCSF က အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လာသည်။ အလားတူ မြဝတီမြို့နယ်တွင်အခြေစိုက်နေသော နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့ကိုလည်း အမေရိကန်က လူပုဂ္ဂိုလ်အားဖြင့် အရေးယူပိတ်ဆို့မှုရှိခဲ့သည်။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...