ရခိုင်တွင် စစ်ကောင်စီ ပင်လယ်ပြင် ရေကြောင်းလှုပ်ရှားမှု ခပ်စိပ်စိပ် လုပ်လာ

ရခိုင်တွင် စစ်ကောင်စီ ပင်လယ်ပြင် ရေကြောင်းလှုပ်ရှားမှု ခပ်စိပ်စိပ် လုပ်လာ
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင် ယခုနောက်ပိုင်း စစ်ကောင်စီက စစ်သင်္ဘောများဖြင့် ရေကြောင်းလှုပ်ရှားမှု လုပ်လာသည်ကို ခပ်စိပ်စိပ် တွေ့ရလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ရေတပ်က ကမ်းအနီးထိ ချဉ်းကပ်သွားလာနေခြင်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် လှမ်းပစ်နေ၍ စစ်သင်္ဘောသွားလာရာတစ်လျှောက်နေရာများမှ ဒေသခံများမှာ ထိုဒဏ်ကို ကြုံနေကြရသည်။

ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျွန်းနှင့် ဖောင်းခါးကျွန်းအနီး စစ်သင်္ဘောများ သွားလာလှုပ်ရှားပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေဗီက အသွားအလာရှိနေတော့ ရမ်းဗြဲဘက်ကနေ ကလိန်တောင်ဘက်ကို ငါးဖမ်းသွားတဲ့သူတွေ အခုအကုန် ရပ်ထားကြရတယ်။ ဒီမတိုင်ခင်ကလည်း ငါးဖမ်းသွားရင် နေဗီနဲ့ တိုးမိရင် စစ်ဆေးတာတွေ ရှိတယ်ဆိုတော့ ကြောက်တာပေါ့။ အခုပစ်ခတ်မှုတွေပါ ရှိလာတော့ ကျောက်နီမော်ဘက်က ငါးဖမ်းပိုက်ချတဲ့သူတွေ အကုန်ရပ်နားထားရတယ်” ဟု ရမ်းဗြဲက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့နယ် စကုကျွန်းနှင့် တောင်ကုတ်ကြားတွင် စစ်ကောင်စီ နေဗီများ လှုပ်ရှားသွားလာကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိနေ၍ ကလိန်တောင်နှင့် ဖောင်းခါးကျွန်းက ဒေသခံ ၁၀၀ နီးပါး တောင်ကုတ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ရခိုင်ပြည်နယ်မြေအများစုကို လက်လွှတ်ထားရသည့် စစ်ကောင်စီသည် မြေပြင်ထိုးစစ်ဖြင့် ထိုးမဖောက်နိုင်၍ လေကြောင်း၊ ရေကြောင်းကိုအသုံးပြုကာ စစ်ရေးအရတိုက်ခိုက်နေသည်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီအတွက် အလုပ်ဖြစ်သော်လည်း ရေကြောင်းက ထိုးစစ်ဆင်ရေးမှာ မလွယ်ကူ နိုင်ကြောင်း အကဲခတ်သူတို့က ရှုမြင်ကြသည်။

“စစ်သင်္ဘောအုပ်စုတွေကတော့ ကျနော်တို့ ကြည့်ရသလောက် ဖျက်သင်္ဘောတိုက်သ‌င်္ဘော တွေများတဲ့ အဆင့်ရှိတယ်။ သူတို့က ကမ်းလွန်ပင်လယ်ပြင်မှာပဲ လှုပ်ရှားတဲ့ အနေအထား ကမ်းနီး ပင်လယ်ပြင်ကိုတော့ သူတော့ လာလို့မရတဲ့ အနေအထားရှိတယ်။ ကမ်းနီးကို လာမယ်ဆိုရင်တော့ ကထယ လို့ခေါ်တဲ့ ကမ်းထိုးယာဥ်တွေနဲ့ လာရမှာပေါ့။ ရခိုင်တောင်ပိုင်း တစ်ခုလုံးက ကမ်းမြောင် ဒေသဖြစ်ပြီး စစ်ကောင်စီက ဒေသတစ်ခုလုံး စွန့်လွတ်ထားရတော့ မြေပြင်ကနေ တိုက်စစ်ဆင်နိုင်တဲ့ အနေအထားမရှိဘူး။ ရေကြောင်း၊ လေကြောင်းနဲ့ပဲ ရတဲ့နေရာက တိုက်ခိုက်မှု ပြုလုပ်နေတဲ့ အနေအထားဖြစ်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

စစ်ကောင်စီသည် ရခိုင်ဒေသကို ပြန်ထိန်းချုပ်နိုင်ရေး တိုင်းသုံးတိုင်းစလုံးမှ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းက တိုက်ခိုက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေသည်။ တဆက်တည်းတွင် ပင်လယ် ရေကြောင်းကလည်း ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေသည်။

၂၀၂၇ ခုနှစ် မတိုင်မီ ရခိုင်က လက်ကျန်မြို့များကို လက်စသတ်မည်ဟု AA စစ်ဦးစီးချုပ် ပြောဆိုပြီးနောက် စစ်ကောင်စီက ရခိုင်ကို မြေပြင်၊ လေကြောင်း၊ ရေပြင်တိုကနေ တိုက်ခိုက်မှုများ လုပ်လာနေခြင်းလည်းဖြစ်သည်။

ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...