နောက်ထပ် တစ်ပါတီ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPနှင့် ပေါင်းစည်း

နောက်ထပ် တစ်ပါတီ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPနှင့် ပေါင်းစည်း
KSPP ဥက္ကဌ ဒေါက်တာ တူးဂျာ (ဘယ်) နဲ့ UNDFP ဥက္ကဌ ဒေါ် ဘောက်ဂျာ (ညာ)။ ဓါတ်ပုံ – KSPP
KSPP ဥက္ကဌ ဒေါက်တာ တူးဂျာ (ဘယ်) နဲ့ UNDFP ဥက္ကဌ ဒေါ် ဘောက်ဂျာ (ညာ)။ ဓါတ်ပုံ – KSPP

လာမည့်နှစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် အရေးပါသော ပြင်ဆင်မှုတစ်ခုအားဖြင့် ကချင်ပေါင်းစည်းပါတီ KSPP သို့ နောက်ထပ် တစ် ပါတီ ပေါင်းစည်းလာခြင်း နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခြင်း ကို ဒီဇင်ဘာလ (၂၀)ရက်နေ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

ဒေါ်ဘောက်ဂျာ (Labyawng Bawk Ja) ဦးဆောင်သော ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ်ဒီမိုကရေစီပါတီ (UNFDP)မှ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့်ပေါင်းစည်းလိုက်ခြင်း အစီစဉ်ကို WMR ခေါ် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မပေါင်းစည်းဘဲ ဒီလိုမျိုးကွဲနေရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပါတီတစ်ခုကို ဖျက်သိမ်းပြီးတော့ ဒီလိုမျိုး ပူးပေါင်းစည်းလိုက်တယ်ဆိုတာ ကျမတို့ အရမ်းတော့ ခံစားရပါတယ်။ ဒါပေမယ့်လဲ အရေးကြီးဆုံးတော့ ပြည်သူတွေရဲ့မျက်နှာကိုထောက်ပြီး ဒီလိုမျိုး ပေါင်းစည်းလိုက်ရတာပါ” ဟု Union Nationalities Federal Democracy Party ခေါင်းဆောင် ဒေါ် Bawk Ja ဆိုပါသည်။

မိမိတို့ ကချင်ပြည်နယ်တွင် ကချင်ပါတီများ ရွေးကောက်ပွဲ မဲ အနိုင်ရရှိရေးအတွက် ပါတီများ ပေါင်းစည်းရန်လိုအပ်ကြောင်းကို ကချင်ပြည်သူများ အလေးအနက်ထား တောင်းဆိုလာခြင်းကြောင့် ပြည်သူများကိုယ်စား ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly) ၏ ကချင်ပါတီများ အားလုံးပေါင်းစည်းရေး ဦးဆောင်မှုအောက်တွင် ယခုလို UNFDP က ကချင်ပြည်သူ့ပါတီနှင့်ပေါင်းစည်းလာခြင်းလည်း ဖြစ်သည်။

“ကျောက်တိုင်ပါတီ ခေါ် UNFDP ကို ဦးဆောင်တူတွေဟာ ကျနော်တို့ အမျိုးချင်းတွေပါ။ ဒါကြောင့်မို့လို့ သူတို့ကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ အရင်ဦးဆုံး တွေ့ဆုံပြီး ပါတီပေါင်းစည်းရေးအတွက် အကြံပြုတင်ပြထားခြင်းပေါ် လက်ခံလာတယ်။ အဲဒီ့နောက် ကျနော်တို့ ပါတီနဲ့ အဆင့်ဆင့် ဆွေးနွေးပြီးတော့ အခု ပါတီပေါင်းစည်းလာခြင်း ဖြစ်ပါတယ်” ဟု KSPP ဒုတိယ ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) ပြောပါသည်။

လွန်ခဲ့သည့် ဧပြီလအတွင်း ကချင်ပါတီများ ပေါင်းစည်းရေးအတွက် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ခေါင်းဆောင်များ မိမိတို့ UNFDP ပါတီကို လာရောက်တွေ့ဆုံခဲ့ကြောင်း ဒေါ် Bawk Ja အတည်ပြုပါသည်။

ကချင်ပြည်နယ်ဒီမိုကရေးစီပါတီ (Kachin State Democracy Party)၊ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) နှင့် ကချင်ပြည်နယ် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ (Unity and Democracy Party of Kachin State) စသည့် ပါတီ (၃)ခုက ၎င်းတို့ပါတီကို ဖျက်သိမ်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကို ၂၀၁၈၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇွန်လတွင် KSPP ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအချိန်ထိ ကျန် ကချင်ပါတီများလည်း ပေါင်းစည်းလာမည်ကို စောင့်ဆိုင်းနေခြင်းကြောင့် KSPP ပါတီပေါ်လစီကို တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း ပါတီခေါင်းဆောင်များ ဆိုပါသည်။

ယခုချိန်ထိ မပေါင်းစည်းရသေးသော ကချင်ပါတီ (၄)ပါတီရှိနေပြီး ၎င်းတို့ ပေါင်းစည်းလာရန် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဆက်လက် ကြိုးပမ်းသွားရန်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မြို့နယ် စုစုပေါင်း(၁၈)မြို့နယ်ရှိရာ မြို့နယ် (၁၇)မြို့နယ်တွင် KSPP ၏ ပါတီ ဆိုင်းဘုတ်များ စိုက်ထူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခု ကချင်နိုင်ငံရေးပါတီ (၄)ပါတီ ပေါင်းစည်းလာသော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ နှင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကိုကချင်ပြည်နယ်တွင်အဓိကစိန်ခေါ်မည့်အတိုက်အခံပါတီကြီးတစ်ခုဖြစ်လာသည်။

Most read this week

June 16, 2026
ဖားကန့် ၊ ဆယ်ဇင်းကျေးရွာမှာ ဥရုချောင်းရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေအပါ...
June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...