အစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ကြား အပစ် မရပ်မီ အဖမ်းခံရသူများ လွှတ်ပေးရေး ဆွေးနွေး

အစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ကြား အပစ် မရပ်မီ အဖမ်းခံရသူများ လွှတ်ပေးရေး ဆွေးနွေး
Northern Alliance of Burma (AA, KIA, MNDAA and TNLA)
Northern Alliance of Burma (AA, KIA, MNDAA and TNLA)

အပစ်ရပ်လက်မှတ် မရေးထိုးမီ နှစ်ဖက် ဖမ်းဆီးထားသူများ လွှတ်ပေးရေးကိစ္စ အရင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားအလှယ်အဖွဲ့ ကို တရုတ်ပြည်၊ ကူမင်းမြို့ တွင် တနင်္ဂနွေနေ့ တွေ့ဆုံစဉ် တင်ပြခဲ့သည်။

မြောက်ပိုင်းမဟာမိတ်ဘက်က တင်ပြချက်နှင့်ပတ်သက်ပြီး ၎င်း ဆွေးနွေးပွဲသို့ပါဝင်ခဲ့သော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် Peace-talk Creation Group (PCG)မှ Duwa Lamai Gum Ja (ဒူဝါ လမိုင် ဂွမ်ဂျာ)က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ဖမ်းဆီးထားတဲ့ ဟိုဖက်ဒီဖက် (အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်) လူတွေကို အရင်ဆုံး လွှတ်ပေးရေးကိစ္စနဲ့ ရှေ့ဆက်ပြီးတော့ ဖမ်းဆီးတာမျိုး မပြုလုပ်ရန်ကိစ္စ စတာတွေပါတဲ့ အချက် (၃)ချက်ကို ပြေလည်အောင်ဆွေးနွေးပြီးမှ အပစ်ရပ်လက်မှတ်ထိုးမယ်လို့ ဆိုထားတယ်။”

သို့သော်လည်း ယခုချိန်ထိ ယင်းတင်ပြချက်ပေါ် ဆွေးနွေးနေဆဲ အနေအထားဖြစ်ပြီး လာမည့် ၂၀၂၀ နှစ်သစ် ဇန်နဝါရီလတွင် ဆက်လက် နှစ်ဖက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူခဲ့သည်ဟု Duwa Gum Ja က ဆက်ဆိုသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ရပ်နေသည့်အနေထားတွင် KIA အဖွဲ့ဝင် (၄)ဦးကို တပ်မတော်မှ ဖမ်းဆီးခြင်း လွန်ခဲ့လအတွင်း ပြုလုပ်ခဲ့သည်။

အင်းတော်ကြီးအိုင်ဒေသ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်အုပ်ချုပ်ရေးမှုး အပါဝင် KIA တပ်ရင်း (၂၆) နှင့် တပ်ရင်း (၄၄)မှ စစ်သားစုစုပေါင်း (၄)ဦးကို Loi Pa (လွယ်ပေါ) ရွာတွင် မြန်မာစစ်တပ် ခလရ (၄) ဗိုလ်ကြီး ဇော်ဦး ဦးစီးသောတပ်ဖွဲ့မှ နိုဝင်ဘာလ (၂၈)ရက်နေ့ ဖမ်းဆီးခဲ့ကြောင်း KIA က ဆိုပါသည်။

မြောက်ပိုင်းမဟာမိတ် ကချင် KIA၊ ရခိုင် AA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA စသည့် တိုင်းရင်းတော်လှန်ရေးတပ်ဖွဲ့များက တရုတ်အစိုးရကြားဝင်ကူညီပေးမှုအရ မြန်မာအစိုးရ၊ တပ်မတော်နှင့် နှစ်ဖက် bilateral အပစ်ခတ်ရပ်စဲရေးကိစ္စကို ၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးလာခြင်းဖြစ်သည်။ ယခုချိန်ထိ လက်မှတ် မရေးထိုးနိုင်သေးဘဲ တိုက်ပွဲများ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တွင် မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...