ဒုသမ္မတပါဝင်တက်ရောက်မည့် ‘ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ’ ကို လာမည့်အပတ် ပြုလုပ်မည်

ဒုသမ္မတပါဝင်တက်ရောက်မည့် ‘ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ’ ကို လာမည့်အပတ် ပြုလုပ်မည်

ကချင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်း ကဏ္ဍအသီးသီး ဦးမော့လာနိုင်ရန် ပထမအကြိမ် ‘ကချင်ပြည်နယ် စီးပွားရေး နှီးနှောဖလှယ်ပွဲ ’ ကို မြစ်ကြီးနားမြို့ မနောကွင်းတွင် လာမည့်အပတ်တွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။

ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း ( Kachin Amyusha Sut Hpaga Hpung) က ကြီးမှူးပြီး နိုဝင်ဘာလ ၁၅-၁၆ အတွင်း စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်သည့် နည်းပညာဆိုင်ရာ ဗဟုတများကို အဓိက ဖလှယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ကချင်တိုင်းရင်းသားလုပ်ငန်းရှင် အများအပြားပေါ်ပေါက်လာစေရန်၊ ဒေသအတွင်း စီးပွားရေးလုပ်ငန်း အမြောက်အများပေါ်ပေါက်လာစေရန် နှင့် ပြည်တွင်း ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်းများနှင့် ချိတ်ဆက်မှု အားကောင်းလာရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခက်ထိန်နန် မှ ပြောဆိုသည်။

“ကျနော်တို့အသင်းအနေနဲ့ ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်။ ကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံ ဖွံ့ဖြိုး သာယာဖို့။ နောက်ဆုံးအနေနဲ့က ကိုယ့်ဒေသတွေမှာ စီးပွားရေးတွေ ဖွံ့ဖြိုးလာမှ လူမှုဘဝပြည့်စုံလာရင် ပြည်နယ်အေးချမ်းလာမယ်။ ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုစေမယ်။ ဒါကြောင့်ဆောင်ရွက်နေတာပါ”ဟု ပြောသည်။

အဆိုပါ စီးပွားရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်အဆင့် ဒုတိယ သမ္မတ တစ်ဦး နှင့် ပြည်ထောင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများနှင့် အခြားသော တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်သည်ဟု သိရပါသည်။

ထို့အပြင် ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝသယံဇာတ တူးဖော်ရေး စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ကချင်ပြည်နယ်အခြေစိုက် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသအတွင်းရှိ ကုမ္ပဏီများမှ စုစုပေါင်း လူဦးရေ ၇၀၀ ကျော်တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်း ကို ၂၀၁၈ မတ်လ ၂၀ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များအသင်းကို ယခုနှစ် ဇွန်လ ၆ရက်နေ့တွင် တရားဝင်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...