Salai C Lian - ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်မတော် (AA) မှ နိူဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်တိုင် မလွတ်သေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။
ဝန်ကြီး ဦး စိုးထက်က “ ကျွန်တော်တို့ အိန္ဒိယ နိုင်ငံရေးဝန်ကြီးဌာန ကိုလည်း အကြောင်းကြားထားပါတယ်။ နောက်ဆုံးအခြေအနေကတော့ သူနဲ့တော့ ကျွန်တော်တို့ အဆက်အသွယ် မရဘူး၊ လက်ရှိသူတို့စခန်းမှာ ခေါ်ထားတာဆိုတော့လေ၊ ဖုန်းတွေလည်း အကုန်လုံးပိတ်ခိုင်းတော့ အဆက်သွယ်မရဘူး ဖြစ်နေတယ်၊ သူ့မိသားစုကိုလည်း ကျွန်တော်တို့ ဆက်သွယ်တယ်၊ ကျန်တဲ့ဆက်သွယ်သင့်တဲ့သူတွေကိုလည်း ကျွန်တော်တို့ ဆက်သွယ်တယ်” ဟု ပြောသည်။
သူက ဆက်ပြီး “ကျွန်တော်တို့ ခုနောက်ဆက်တွဲက သုံးရက်နေ့ ဖြစ်ကတည်းက ပြည်ထောင်စု အစိုးရကို တင်ပြထားတယ်၊ ပြည်ထောင်စု အစိုးရကလည်း လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်မယ်ဆိုတာလည်း ကျွန်တော်ယုံကြည်တယ်” ဟု ပြောသည်။ ယင်းအပြင် ချင်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ဝှေ့တင်း ပြန်လည်လွတ်နိူင်ဖို့ရန် ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် ဘာသာရေး ဂိုဏ်းပေါင်းစုံ ဆရာတော်များမှ တောင်းဆိုထားကြောင်း ဝန်ကြီးက ဆိုသည်။
ဝန်ကြီး ဦး စိုးထက်က “နောက်ဆုံး လုပ်နေတဲ့အလုပ်ကတော့ ဟားခါးမှာ ဘာသာရေး ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေနဲ့ လည်း ဘာသာရေးအရ ကနေ ကချင်နှစ်ချင်းအသင်းတော်အဖွဲ့ချုပ် ကိုအ ကူညီတောင်းပြီးတော့ KIA/KIO မှတစ်ဆင့် ဦး ဝှေ့တင်းလွတ်မြောက်ဖို့နဲ့ ဒေသငြိမ်းချမ်းဖို့ ညိုနိူင်းပေးဖို့ အကူအညီတောင်းတာရှိတယ်” ဟု ပြောသည်။
ခူးမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီ ဥက္ကဌ ဦး ကျော်ငြိမ်းက “ထိုင်းမှာကျင်းပတဲ့ KIA အစည်းအဝေးကို တင်ပြဖို့ စာတော့ရေးထား ပြီးပြီ၊ခူးမီး မျိုးနွယ်စု ပေါင်းစပ် ရေးရာကောင်စီကလည်း သဘောထားထုတ်ပြန်တယ်” ဟု ပြောသည်။
ခူးမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီဥက္ကဌဖြစ်သူ ဦး ကျော်ငြိမ်းက “ရခိုင်တွေက ကျွန်တော်တို့ကို ပြန်ချိန်းခြောက်တယ်၊ သတိထားပါ၊ ခင်ဗျားတို့ ပလက်၀ ခူမီး ချင်းမျိုးနွယ်စုတွေ သတိထားပါ၊ ကျွန်တော်တို့ ငြိမ်ငြိမ်နေပါတယ်ဆိုမှ ဖုန်းနဲ့ လာချိန်းခြောက်တယ်၊ ကျွန်တော်တို့ သဘောထားထုန်ပြန်ချက်ထုတ်တော့ ဖုန်းနဲ့ အင်မတန်မှ မိုက်ရိုင်းတယ်ကွာ၊ ထမင်းဝအောင်စား၊ မင်းတို့ ခူမီးလူမျိုးတွေက ဘာလဲ၊ ကျွန်တော့အထင်တော့ ဒီလိုဖုန်းဆက်တဲ့သူကလည်း အတိအကျတော့ မပြောတက်ဘူး အေအေတော့ ဖြစ်မယ်ထင်တယ်၊ အခုကတော့ လူမျိုးရေးဆန်တော့မယ်၊ သူတို့အရမ်းမိုက်ရိုင်းလာပြီ၊ ကျွန်တော်တို့ ချင်းကလည်းပဲ အားလုံးစည်းလုံးဖို့လိုနေပြီ” ဟု ပြောသည်။
သူက ဆက်ပြီး “နောက်ထပ်သူတို့က ဖမ်းမယ်၊ ဆီးမယ်ဆိုပြီးမှ ၁၃ ယောက်စာရင်း ရထားတယ်ပြောတယ်၊ အဲဒါလည်း ခြိမ်းခြောက်တာပဲ၊ အဲဒီစာရင်းထဲမှာ ကျွန်တော်ပါမယ်၊ ဝန်ကြီး ဦး စိုးထက်၊ ဆလိုင်း အိုင်ဇက်ခင်၊ ဦး စောမြ၊ လွတ်တော်ကိုယ်စားလှယ် ဦး အောင်ရွှေ ပါမယ် ကျွန်တော်သိသလောက်ပေါ့” ဟု ပြောသည်။
ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (AA) ၏ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ မီဒီယာအချို့တွင် အင်တာဗျူးဖြေဆိုရာ၌ အမျိုးသားလွှတ်တော် ဦးဝှေ့တင်းအား စစ်ဆေးစရာများရှိနေသေးသည့်အတွက် ထိန်းသိမ်းဆဲဖြစ်ကြောင်း ပြောဆိုထားသည်။
ဦးဝှေ့တင်းအဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခူမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီတို့မှလည်း လူမျိုးရေးပြသနာအထိ ဖြစ်လာမည်ကိုစိုးရိမ်ကြောင်း သဘောထားထုတ်ပြန်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
ယခုကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား လက်နက်ကိုင်အဖွဲ့မှ ဖမ်းစီးမှုမျိုးမဖြစ်သင့်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အနေဖြင့် မိမိမူဝါဒနှင့် ရည်မှန်းချက်ကိုသာ အကောင်အထည်ဖောက်ပြီး ထိုသို့အကောင်အထည်ဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်းကွဲစေမှုမျိုးမရှိရင် သတိပြုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့မှ သုံးသပ်မှုများကို ပင်မမီဒီယာများမှလည်း ဖော်ပြသည်။
နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီ ခန့်တွင် ပလက်ဝမြို့နယ်မှ ကျောက်တော်သို့ ထွက်ခွာသွားသည့် ရေယဉ်နှစ်စီးပေါ်တွင် လိုက်ပါခဲ့သည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း၊ အိန္ဒိယ မြန်မာ ဆက်သွယ်ရေးလမ်း ဖောက်လုပ်နေသည့် လမ်းလုပ်သား ၅ဦး၊ ဘာသာပြန်နှစ်ဦး စက်လှေမောင်းသူနှစ်ဦး စုစုပေါင်း ဆယ်ဦး ကို AA အဖွဲ့မှ လမ်းခုလတ်တွင် ဖမ်းစီးခဲ့ခြင်းဖြစ်သည်။
ဖမ်းစီးနောက် ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းမှလွဲပြီး အခြားဖမ်းစီးသူများကို ပြန်လည်လွှတ်ပေးခဲ့သည်။ အဖမ်းစီးခံရသည့် အိန္ဒိယနိုင်ငံသားတစ်ဦးမှာလည်း နှလုံးအမောဖောက်က သေဆုံးသွားကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က မီဒီယာများသို့ပြောသည်။







