ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) ၏ စစ်ရေးလှုပ်ရှားမှုများသည် အစိုးရတပ်မတော်နှင့်သာသက်ဆိုင်ပြီး ၎င်းတို့ထံသာတာဝန်ရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ဗိုလ်မှုးကြီး ဆော်လမွန်ကပြောသည်။
အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးစဉ်က ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်တို့သာ လက်နက်ကိုင်ဆောင်သည့် အဖွဲ့များနေထိုင်ရန် သဘောတူကြောင်းပါရှိသဖြင့် ယခုချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA ၏ လှုပ်ရှားမှုများသည် အစိုးရ၏ ဖြေရှင်းရမည့်တာဝန်သာဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးကြီးဆော်လမွန်က “ အခုက တီးတိန်ဖက်၊ ထန်တလန်ဖက်ကိုပဲကျွန်တော်တို့ကို ပေးနေခိုင်းတယ်။ အခုလို ပလက်ဝမှာ ပြသနာဖြစ်လာလို့ စိတ်တော့နာတာပေါ့။ ဒါပေမယ့် သဘောတူညီချက်အရ ဒီကိစ္စက အစိုးရတပ်မတော်မှာပဲ တာဝန်ရှိတာဖြစ်တယ်” ဟုပြောသည်။
အဆိုပါ စကားကို ဟားခါးအခြေစိုက် The Chinland Post နှင့် ဗိုလ်မှုးကြီးဆော်လမွန်တို့ ဟားခါး(လိုင်) ဘာသာစကားဖြင့် ပြုလုပ်သည့် ဗီဒီယို အင်တာဗျူးတွင် ထို့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးကြီးဆော်လမွန်က “ပလက်ဝနယ်မြေဟာ ကျွန်တော်တို့အမြဲနေတဲ့နေရာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကလည်း အဲဒီနေရာမှာ နေဖို့ အစိုးရဆီတောင်းဆိုခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ တပ်မတော်က လက်မခံလို့မနေနိုင်ဘူး။ အပစ်အခတ်ရပ်စဲရေးမှာ တပ်မတော်နဲ့သဘောတူခဲ့တာက ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်မတော်ပဲ နေရမယ်လို့သဘောတူထားတာဖြစ်တယ်” ဟုပြောသည်။
ယခင်ပလက်ဝမြို့နယ်တစ်ဝိုက်တွင် ချင်းအမျိုးသားတပ်မတော် လှုပ်ရှားခဲ့စဉ်က ရက္ခိုင့်တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုမရှိခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ်ဖက်မှလည်း လာရောက်ကျူးကျော်နေထိုင်ခဲ့ခြင်းမရှိကြောင်းသူကပြောသည်။
ပလက်ဝအရေးနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးအနေဖြင့် တာဝန်ရှိသူများမှ ကျယ်ပြန့်စွာပြောဆိုနေသလို တစ်ဖက် ထိပ်ပိုင်းဆိုင်ရာများဖြင့်လည်း တွေ့ဆုံမှုများ ပြုလုပ်မှုရှိကြောင်းပြောသည်။
ဗိုလ်မှုးကြီးဆော်လမွန်က “ ဒီကိစ္စမှာ ချင်းအမျိုးသားတပ်မတော်အနေနဲ့မပါဝင်ဘူးလားလို့ဆိုတဲ့နေရာမှာ ပါတီကအကြီးပိုင်းတွေက နိုင်ငံတကာမှာ ဒီကိစ္စကိုပြောကြတယ်။ လိုအပ်ရင်လိုအပ်သလို ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုလည်းပြုလုပ်ကြပါတယ်” ဟုပြောသည်။
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရတပ်မတော်တို့သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပြီး လက်ရှိတွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနယ်စပ် Tio ချောင်းဘေးနားတွင် တပ်ဌာနချုပ်ကို ထားရှိသည်။







