ဖလမ်းမြို့နယ်အတွင်းရှိ အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ကျေးရွာ(၈)ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံးကို ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ထုံးထူလ်ကျေးရွာတွင် (၃၈)လုံး၊ မွှန်ထားကျေးရွာတွင်(၃၀)လုံး၊ ဖါရ်တလန်ကျေးရွာတွင်(၅)လုံး၊ ရိခေါဒါရ်ရွာဟောင်းတွင်(၁၁)လုံး၊ ဘုန်ဇုံးကျေးရွာတွင်(၄)လုံး၊ ဆိမ်ဒီဟိုင်ကျေးရွာတွင်(၄၁)လုံး၊ ခွန်းမွာလ်ကျေးရွာတွင်(၃၁)လုံးနှင့် ဇူလ်သူးကျေးရွာတွင်ဂ(၂၅)လုံး ဖြစ်ပြီး အားလုံးစုစုပေါင်း(၁၈၅)လုံး တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ပြန်ကြားရေးသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “မဟာဓာတ်အားလိုင်း ကနေ လက်တလောမှာ မီးမရရှိသေးတဲ့ရွာတွေ ကျေးရွာရှိ ပြည်သူတွေက လိုလိုလားလားနဲ့ ထည့်ဝင်ငွေတွေထည့်ကြတယ်။ နှစ်ရစ်ခွဲပြီးငွေထည့်ရတယ်။ W၆၀ ဆိုရင်ခုနှစ်သောင်းခွဲ ထည့်ဝင်ငွေထည့်ရတယ်။ ခုနှစ်သောင်းခွဲကို နှစ်ရစ်ခွဲထည့်ရတယ်။ W ၁၀၀ တွေက နှစ်သိန်းခွဲထည့် ရတယ်။ကျွန်တော်တို့ဖက်ကလည်း အိမ်ခြေဆယ်အိမ်မှာ လမ်းမီးတစ်တိုင် အလကားမီးထွန်းပေးတယ်။ ကျန်းမာရေးဌာန(ခွဲ)၊မှုလတန်းကျောင်းအတွက်ဖြစ်ဖြစ် ဘာသာရေးကျောင်းတွေ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့ရှိရင် အလကားတပ်ဆင်ပေးတယ်”ဟုပြောသည်။
မဟာဓာတ်အားလိုင်းရရှိမှုအတွက် အခက်ခဲရှိသေးသော ကျေးရွာများ ဆိုလာကြေးအတွက် အရစ်ကျငွေ ပေးသွင်းရန် သဘောတူညီသည့် ကျေးရွာများကို အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)မှ ဆိုလာများကို တပ်ဆင်ပေးသွားပြီး တစ်နှစ်အတွင်း ပျက်စီးမှုရှိပါကလည်း အသစ်လဲလှယ် ပြင်ဆင်ပေးခြင်းများကိုး တာဝန်ယူဆောင်ရွက်လေ့ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “ပစ္စည်းတွေကလည်း နိုင်ငံခြားကနေ အဆင့်ဆင့် ရွာတွေအထိ သယ်လာတော့ ချို့ယွင်းတာမျိုးတွေလည်းရှိတယ်။ အဲတာမျိုးတွေ ပြန်ပြင်ဖို့ မြန်မာပြည်က မထုတ်တော့ ပြီးတော့ ရောင်းကောင်းတဲ့ ပစ္စည်းမဟုတ်တော့ ဘယ်သူမှအမြဲမတင်ထားဘူး၊ ဒါကြောင့် ပျက်တဲ့ဟာတွေကို အချိန်ခဏလေးမှာ ပြန်မပြင်ပေးနိုင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပြန်လှဲပေးတယ်”ဟုပြောသည်။
NEP(အမျိုးသားမီးလင်းရေးစီမံကိန်း)မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မဟာဓာတ်အားလိုင်းမရရှိသော ကျေးရွာများကို မီးရရှိစေရန်ဖြင့် ဆိုလာတပ်ဆင်ပေးခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။







