ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားဒေသ နန့်စော်လော်ကျေးရွာတွင် မြေယာကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နက်မှုအထိ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။
ဖြစ်စဉ်မှာ ရိုက်နက်ခံရသော ဒေါ်ခင်စန်း ဆိုသူသည် ၎င်း၏နစ်နာဆုံးရှုံးသွားသော လယ်ယာများကို ပြန်လည်ရရှိရန် ပြည်ထောင်စုအဆင့် လယ်ဆည်ဝန်ကြီးရုံးသို့ စာတင်ပြတောင်းဆိုခဲ့သောကြောင့် ယခုလ ဇူလိုင်လ ၂၄ရက်နေ့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကွင်းဆင်းစစ်ဆေးချိန် ယခုလို ဖြစ်ပွားလာခြင်းဖြစ်သည်။
ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်စစ်ဆေးနေစဉ် နန့်စော်လော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ဒေါ်ခင်စန်းတို့ စကားများရာမှ ဒေါ်ခင်စန်း၏ ညာဘက် ရင်အုတ်ကို လက်တီးဖြင့် ထိုးလိုက်သောကြောင့် ဒေါ်ခင်စန်းမှာ လက်ရှိ နမ္မား ဆေးရုံမှ မိုးညှင်းဆေးရုံသို့ ဆေးကုသ ခံယူနေရကြောင်း အနီးကပ် စောင့်ရှောက်ပေးနေသည့် ဒေါ်မွှေးလှိုင်က ကချင်သတင်းဌာန KNG ကို ယခုလိုပြောဆိုထားပါသည်။
“ကျမ ဖြစ်တဲ့နေ့မှာပဲ ဖုန်းခေါ်လိုက်တယ်။ ဒေါ်ခင်စန်းကိုယ်တိုင် ကျမကို ဖုန်းပြောခဲ့တယ်။ သူက အော်ဟစ်ညည်းညူ နေတယ်။ အရမ်းနာတယ်လို့ အော်နေတယ်။ အုပ်ချုပ်ရေးမှူးက ထိုးလိုက် တယ်ပေါ့။ အဲ့တော့ ဘာလို့ထိုးလဲလို့ မေးလိုက်တယ်။ ဒီမှာ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေနဲ့ မြေတိုင်းတွေက လာတယ်။ အဲ့မှာပဲ အုပ်ချုပ်ရေးမှူးနဲ့ စကားများပြီး ထိုးလိုက်တယ်လို့ သူကပြောခဲ့တယ်” ဟုပြောဆိုသည်။
ဒေါ်ခင်စခန်းကို နမ္မား ဆေးရုံးတွင် တင်ထားရာမှ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသောကြောင့် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ ဇူလိုင် ၂၆ရက်နေ့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရပါသည်။
ဒေသခံအမျိုးသမီးအား ယခုလို ပြင်းထန်စွာ ဒဏ်ရာရသည်အထိ ထိုးနက်မှု ပြုခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူးအား ထိရောက်စွာအရေးယူပေးရန် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ရိုက်နက်ခံရသူကို ကူညီပေးနေသူ ဒေါ်မွှေးလှိုင်းက ပြောဆိုပါသည်။

သို့သော်လည်း နမ္မားအုပ်ချုပ်ရေးမှူးအနေဖြင့် ဒေါ်ခင်စန်းကို ရိုက်နက်ခဲ့ခြင်းမရှိဟု ကချင်သတင်းဌာန KNG သို့ ယခုလို ငြင်းဆိုထားပါသည်။
“အဲ့ဒီနေ့ မြို့နယ်က တာဝန်ရှိသူတွေလာပြီး ကွင်းဆင်စစ်ဆေးခဲ့တယ်။ အဲ့အချိန်မှာ သူက စကားတွေများနေတယ်။ ဒါကြောင့် ကျနော်က လူကြီးတွေကို အဲ့လိုမပြောရဘူး လို့ပြောတယ်။ အဲ့ဒါကို မရဘူး။ ဆက်ပြီး ကျနော်ကို လက်ညိုးထိုးပြီး ပြန်ပြောလာတယ်။ ကျနော်လည်း သူ့လက်ကို လှမ်းဖယ်လိုက်တယ်။ အဲ့ဒါကို သူ့ဖာသူ လှဲသွားတယ်။ ရိုက်နက်တယ်ဆိုတာ မဟုတ်ပါဘူး” ဟုငြင်းဆိုခဲ့သည်။
ထို့ကြောင့် အရိုက်ခံရကာ ဆေးရုံတက်နေသူ ဒေါ်ခင်စန်းကို အုပ်ချုပ်ရေးမှူးဘက်မှ ဂုဏ်သိက္ခာထိပါးမှုဖြင့် လိုအပ်ရင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
အဆိုပါ မြေယာပြဿနာမှာ ဒေါ်ခင်စန်းသည် မိဘအမွေအဖြစ် လယ်မြေ ဧက ၇.၆၆ ကို ပိုင်ဆိုင်ထားပြီး သူမ၏ ဆွေးမျိုးတော်စပ်သူ တူအရင်းကို ဧက ၇.၆၆ မှ ၃ဧကခန့် ခွဲဝေကာ လုပ်ခိုင်းစေခဲ့ကြောင်း သိရသည်။
သို့သော်လည်း တူအရင်းဖြစ်သူမှာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက် ဒေါ်ခင်စန်းမှ မိမိလယ်ယာကို ပြန်လည် ရယူလိုသည်ဟု ဆိုသောကြောင့် ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်က ဒေါ်ခင်စန်း ကို အုပ်ချုပ်ရေးမှူးရုံးတွင် ပုံစံ ၇ ဖြင့် လာရောက်ရန် ခေါ်ဆိုခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၁၅ ရက်နေ့ အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံသည့်အဆိုပါနေ့တွင် စားရေးတာဝန်ရှိသူက ဒေါ်ခင်စန်းကို လက်မှတ် ရေးထိုးခိုင်းပြီး ငွေကျပ် ၁၀သိန်း တိတိကို ပေးခဲ့ကြောင်း ဒေါ်ခင်စန်း ကိုယ်တိုင် ယခုလို ပြောဆိုပါသည်။
“ကျမရဲ့တူအရင်းကို လုပ်ခိုင်းခဲ့တဲ့ လယ်ဧက ၃ ဧက ဖြစ်တယ်။ သူဆုံးသွားတော့ ကျမကို အုပ်ချုပ်ရေးရုံးကခေါ်တယ်။ ငွေ ၁၀သိန်းပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ အကြံနဲ့ လုပ်ထားတာလည်း ကျမက မသိဘူး။ သူတို့က ကျမလယ်ကို တစ်ခြားကို ရောင်းပေးလိုက်တာ။ အဲ့နောက်မှ ကျမလည်း ၁၀သိန်းနဲ့က မရဘူး။ အရင်တုန်းက တစ်ဧကကို ၃၀ ရတယ်။ အခုလည်း ၃၀ ရမှ ရောင်း မယ်လို့ပြောခဲ့တယ်။ အဲ့ဒါကို အုပ်ချုပ်ရေးရုံးက တစ်ဧကို ၁၈ သိန်း ပေးမယ်လို့ပြန်ပြောခဲ့တယ်။ အဲ့တော့ ကျမလည်း သဘောတူပြီး ခေါင်းညိတ်ခဲ့တယ်။ ဒါပေမယ့် ယခုချိန်အထိ ကျန်တဲ့ ငွေကို ပြန်မရဘူး” ဟု ပြောဆိုသည်။
အုပ်ချုပ်ရေးရုံးမှ ဒေါ်ခင်စန်းကို လယ်ဧက ဖိုး ၁၀သိန်းသာပေးခဲ့သည့်အတွက် ၎င်းပြဿနာနှင့် ပတ်သက်ပြီး ဒေါ်ခင်စခန်းမှ ပြည်ထောင်စုအဆင့် လယ်ဆည်ဝန်ကြီးရုံးသို့ သွားရောက်တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုပါသည်။







