ပထမဆုံး ကချင်ပေါင်းစည်းနိုင်ငံရေးပါတီ ‘ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)’ ၏ ပါတီသစ် မိတ်ဆက် လူထုတွေ့ဆုံပွဲကြီးကို ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်း Majoi Gawknu ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS တို့သည် ပါတီပေါင်းစည်းရန်ကချင်လူထုဖိအားပေးမှုကို လက်ခံပြီး နောက်ဆုံး၎င်းတို့ပါတီများကိုဖျက်သိမ်းကာ အကြီးဆုံး ကချင်ပြည်နယ်ကိုယ်စားပြုပါတီ Kachin State People’s Party ကို ဖွဲ့စည်းထူထောင်လိုက်ခြင်းဖြစ်သည်။
ပါတီများပေါင်းစည်းခြင်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြို့နယ်အားလုံး (၁၈) မြို့နယ်တွင် မဲ အနိုင်ရရှိရေး ပြင်ဆင်ခြင်းဖြစ်ကြောင်း KSPP ယာယီဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဌ ၂ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂရောင် အောင်ခမ်း)က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။
“ကျနော်တို့ ပါတီနဲ့ပတ်သက်ပြီး ပြည်သူတွေကို မိတ်ဆက်ပြီးနောက်တော့ လုပ်ငန်း စတင်တော့မယ်။ မြို့နယ် ၁၈ခုရှိတဲ့အတွက် ဒေသတွေမှာ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းသွားမယ်။ ရုံးတွေ စသဖြင့် စည်းရုံးရေးကော်မတီတွေလည်း ဖွဲ့စည်းသွားဖို့ မကြာမီ လုပ်ငန်းစတင်ပါတော့မယ်။ ပြီးရင် ပြိုင်မယ့် အမတ်လောင်းတွေက ၅၀လောက် ကျော်သွားမယ်” ဟု ဆိုပါသည်။
ကချင်ပြည်နယ်ပြည်သူများကို ပါတီမိတ်ဆက်သည့် အခမ်းအနားကြီးသို့ ဗမာတိုင်းရင်းသား၊ ရှမ်းနီတိုင်းရင်းသား နှင့် ရခိုင်တိုင်းရင်းသားများလည်း KSPP ပါတီဝင် အသစ်အဖြစ် ပါဝင်လာသည်ကို တွေ့မြင် ရပါသည်။
“ကျနော်မှာ မည်သည့် ပါတီဝင်မှ မဟုတ်ဘူး။ ပါတီဝင်တစ်ယောက်ဖြစ်ဖို့ကို တော်တော်လည်း စဉ်းစားရပါတယ်။ ဒါပေမယ့် အခုဖွဲ့လိုက်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက နိုင်ငံရေးမူဝါဒနဲ့ လုပ်ငန်းစဉ် စီးမျဉ်းစည်းကမ်းကို အရမ်းသဘောကျမိတယ်။ ပြီးရင် ပါတီရဲ့မူဝါဒတွေထဲမှာဆိုရင် ကျားမ မရွေး၊ လူမျိုးဘာသာရေး မရွေး၊ ဆင်းရဲချမ်းသာ မရွေးဆိုပြီး ရေးထားတာ သဘောကျမိပါတယ်။ နောက် ဖက်ဒရယ်စနစ်ကိုလည်း သဘောကျတယ်။ ဘာလဲဆိုတော့ ပင်လုံကို အခြေခံ ကတိဝတ်တွေကို ဖော်ဆောင်ပြီး ရေးသာထားတာတွေ့ရပါတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင်လည်း ပါတီဝင် တစ်ဦးအဖြစ်လက်ခံလိုက်တယ်” ဟု မိုကောင်းမြို့နယ် ရှမ်းနီ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ဦးတင်ညွန့်က ပြောဆိုသည်။
တနင်္လာနေ့ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်အနှံ့မှ ကချင်ပြည်နယ် လူထု ၅၀၀ ခန့် ပါဝင်သည်ကို တွေ့ရပါသည်။
ကချင်ပါတီများပေါင်းစည်းရေး ခြေလှမ်းတစ်ခုအဖြစ် ၂၀၁၈ ဇန်နဝါရီလ (၁၃)ရက်နေ့ မြစ်ကြီးနား YMCA ခန်းမတွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNUDP စသည့် (၄)ပါတီတို့ ဆွေးနွေးခဲ့ကြရာ LNUDP မှအပ ကျန် (၃)ပါတီသည် ပေါင်းစည်းရန် သဘောတူခဲ့ကြပြီး ပါတီအမည်နှင့် အလံတံဆိပ်ရွေးချယ်မှုကို လူထုထံ အပ်နှံရန် အပြန်အလှန် သဘောတူမှု စာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ၂၀၁၈ ဧပြီလ (၁၀)ရက်နေ့ Majoi Gawknu ခန်းမတွင် လူထုညီလာခံတစ်ခု ကျင်းပပြီး ပေါင်းစည်းပါတီ အမည်၊ အလံနှင့် တံဆိပ်တို့ကို ရွေးချယ်ရန် လူထုကိုယ်စားပြု (၁၇)ဦး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
၎င်းနေ့တွင်ပင် ပါတီပေါင်းစည်းရေးအဖွဲ့သို့ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS ထပ်မံတိုးလာပြီး ကချင်ပါတီများပေါင်းစည်းရေးတွင် (၄)ပါတီ ဖြစ်လာသည်။
သို့သော်လည်း နောင်ပိုင်းဆွေးနွေးပွဲများတွင် KNC ပါတီသည် ၎င်းတို့ပါတီ မဖျက်သိမ်းနိုင်သောကြောင့် ပေါင်းစည်းရေးတွင် KNC ပါတီနာမည်ဖြင့် မပါဝင်နိုင်သော်လည်း ၎င်းပါတီမှ အဖွဲ့ဝင်တချို့သည် ပေါင်းစည်းပါတီသစ်သို့ ပြောင်းလာရန် သဘောတူခဲ့ကြသည်။
ဇူလိုင်လ ၂၉ ရက်ထိ KNC ပါတီမှ ကချင်ပြည်သူ့ပါတီ KSPP သို့ ကူးပြောင်းလာသော ပါတီဝင် စုစုပေါင်း ၁၂၀ ဦး ရှိကြောင်း KSPP ယာယီဦးဆောင်ကော်မတီ ဥက္ကဌ Dr. Manam Tu Ja (ဒေါက်တာ မနမ် တူးဂျာ) ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ပါတီပေါင်းစည်းမှုတွင် မပါဝင်သည့်ပါတီများသည် KNC၊ LNUDP အပြင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ UNFDP တို့ ဖြစ်ကြသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း လက်ရှိအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နှင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကို အဓိကယှဉ်ပြိုင်မည့် အကြီးဆုံး ကချင်ပါတီ ဖြစ်လာသည်။







