ဘူးသီးတောင်မြို့နယ်တိုက်ပွဲတွင် မွတ်ဆလင် (၃)ဦးနှင့် ရခိုင် (၁)ဦးဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်တိုက်ပွဲတွင် မွတ်ဆလင် (၃)ဦးနှင့် ရခိုင် (၁)ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်းချောင်း နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခဲ့သည့် တိုက်ပွဲတွင် အနီးပတ်ဝန်းကျင်ကျေးရွာက မွတ်ဆလင် (၃)ဦးနှင့် ရခိုင် (၁)ဦး  ကျည်ဆန်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက DMG ကိုပြောသည်။

ဒဏ်ရာရရှိသူများမှာ သိမ်တောင်ကျေးရွာမှ အသက် (၁၈)နှစ်အရွယ် မိန်းကလေး မချာကူရာ ဘေဘီ၊ ညောင်းချောင်းကျေးရွာမှ အသက် (၂၀) အရွယ် မောင်ကျော်စောထွန်း၊ ကာဒီပါရာကျေးရွာမှ အသက် (၇၅) နှစ်အရွယ် အဘွားအိုတစ်ဦးနှင့် အသက် (၁၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ဖြစ်သည်။

“မနက်အာရုဏ်အချိန်မှာ သေနတ်သံတွေကြားလို့ ပုန်းနေကြတာ။ နောက်တိုက်ပွဲက ရွာအနားရောက်လာတယ်။ ပစ်ကြခတ်ကြတယ်။ ကျွန်တော့်သမီးထိသွားတယ်” ဟု မချာကူရာဘေဘီ၏ ဖခင် မာမတ်ဟူဆောင်းက DMG ကိုပြောသည်။

ညောင်ချောင်းကျေးရွာအနီး ကာဒီပါရာမွတ်ဆလင်ကျေးရွာမှ အဘွားအိုနှင့်မြေးဖြစ်သူတို့ ဒဏ်ရာရရှိသွားခြင်းမှာ  နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မီးလောင်သွားခြင်းဖြစ်သည်။ ၎င်းတို့တွင် ကျည်ဆန်ထိမှန်မှုများအပြင် မီးလောင်ဒဏ်ရာများလည်း ရရှိသွားသည်။

“ကျွန်မနဲ့အဘွား နေအိမ်မှာ အိပ်နေကြတာ။ အုံးခနဲ အသံပဲကြားလိုက်ရတယ်။ နေအိမ်လည်း မီးလောင်သွားတယ်။ အဘွားက ဒဏ်ရာများတယ်။ ကျွန်မမှာတော့ ခန္ဒာတစ်ဝက် ဒဏ်ရာရရှိသွားပါတယ်” ဟု ဒဏ်ရာရရှိသူ မယာစ်မီလ်တာရာက ပြောသည်။   

AA သည် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်ပြီးနောက် အရပ်သားများကို ပစ်ခတ်ခဲ့ခြင်းဟု တပ်မတော်ဘက်က စွပ်စွဲသည်။ သို့သော် မိမိတို့သည် စခန်းကိုဝင်တိုက်ပြီးနောက် မည်သည့်အရပ်သားကိုမျှ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အရပ်သားများ ဒဏ်ရာရရှိသွားခြင်းမှာ တပ်မတော်၏ လက်ချက်ဟု AA ဘက်က တုန့်ပြန်သည်။

စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် တပ်မတော်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေမူကြောင့်  ညောင်ချောင်းကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ညောင်ချောင်ကျေးရွာမှ မသန်းအေးကပြောသည်။

“မနက် ၆ နာရီကစပြီး တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ မနက် ၈ နာရီကျော်အထိ ပစ်နေတော့ ရွာသားတွေလည်း နောက်ထပ် တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မော်တော်ဘုတ်တွေနဲ့ ခွဆုံ၊ ဘူးသီးတောင်မြို့ပေါ်တွေကို ထွက်ပြေးလာကြတာပါ။ ရွာမှာတော့ သက်ကြီးပိုင်းတွေ ကျန်နေခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင် စခန်းအတိုက်ခံရမှုကြောင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ ရဲကို တိုက်တော့ လိုအပ်တဲ့ လက်လှမ်းမီတဲ့ လက်နက်နဲ့ ပစ်ကူပေးရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ရင် ကူညီပေးရမှာပေါ့။ ရဲကင်းစခန်းကို တိုက်တော့ လက်ပိုက်ကြည့်နေလို့မှ မရတာ” ဟု ၎င်းက ပြောသည်။

 ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က  ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် (၄)နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...