ရေဘေးဒဏ်ခံ နောင်မွန်းဒေသခံများအတွက် အကူညီလိုအပ်နေဆဲ

ရေဘေးဒဏ်ခံ နောင်မွန်းဒေသခံများအတွက် အကူညီလိုအပ်နေဆဲ

ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်း ရေကြီးရေလျှံမူ လျော့ကျသွားသည်မှာ ၁၀ရက်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ရေဘေးကြုံတွေ့ခဲ့ရသည့် ဒေသခံများအတွက် အကူညီအထောက်အပံ့ လိုအပ်နေဆဲ ဖြစ်ကြောင်း နောင်မွန်းမြို့ရှိ အရပ်ဘက်အဖွဲ့စည်းများထံမှ သိရသည်။

“စပါးကျီက ရေမြုပ်ကုန်တော့ စပါးတွေက နုံးနဲ့ဘာနဲ့ ဖြစ်နေပြီ။ စားစရာမရှိတော့ အဲဒီစပါးတွေကို နုံးပြောင် အောင်ရေနဲ့ဆေးချပြီး ကျက်ခိုးစင်ပေါ်မှာ မီးအပူနဲ့ခြောက်အောင်လုပ်ကြတယ်။ အဲစပါးတွေခြောက်မှ လက်ဆုံမှာပြန်ထောင်းပြီး စားနေကြရတယ်။ အရမ်းကို ခက်ခဲနေကြတယ်။ ရေမြုပ်တာတော့ အိမ်ခြေ ၂၁အိမ်ကျော် ဆိုပေမယ့် လောလောဆယ် ၈ အိမ်က စားစရာလုံးဝမရှိတဲ့ အခြေနေမှာ ဖြစ်နေတယ်။ ကျန်တဲ့အိမ်တွေကတော့ စားစရာနည်းနည်းတော့ ရှိသေးတယ်။ ဒါပေမယ့် သူတို့လည်း လချီပြီးတော့ စားဖို့ရာတော့ မရှိကြတော့ဘူး” ဆိုပြီး နောင်မွန်းမြို့ အရပ်ဖက်အဖွဲ့စည်းမှ ဦးထိန ကပြောသည်။

ရေကြီးရေလျှံမူဖြစ်ခဲ့သည့် နေရာသည် နောင်မွန်းမြို့မှ ၉မိုင်ခန့်ကွာဝေးသည့် ရပ်ဘော့နှင့် ဘာဘော့ကျေးရွာများအတွင်းရှိ နေရာများဖြစ်ကာ လူနေအိမ်များနှင့် စပါးကျီများ၊ လမ်းတံတားများ၊ လယ်ယာမြေများ များစွာဆုံးရူံးပျက်စီး သွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ ပျက်စီးသွားတဲ့ လယ်မြေ၊စပါးကျီတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ လယ်မြေ ခန့်ခွဲရေး ကော်မတီအဖွဲ့တွေကနေ စာရင်းကောက်ပြီးတော့မှ ကချင်ပြည်နယ်အစိုးရအဖွဲ့ထံကို စာရင်း တင်ထားပြီး ဖြစ်တယ်။ မြို့မှာလိုရေဘေးအတွက် ထမင်းတစ်နှပ် နှစ်နှပ်အဲလိုပေးရမယ့်အနေထားထက် သူတို့ရဲ့ ဆုံးရူံးမူကိုသေချာတွက်ချက်ပြီးတော့ နစ်နာကြေးကို အစိုးရရော လူကယ်ပြန်ရော ဆောင်ရွက်ရမယ့် အနေထားဖြစ်တော့ စာရင်းစာယားမှားမှာစိုးလို့ သေချာတင်ထားပြီဖြစ်တယ်။ လက်တွေ့ကူညီထောက်ပံ့ရမယ့်အပိုင်းနဲ့ ပတ်သက်ပြီးတော့ လူမူရေးဝန်ကြီးဌာနတွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်။” ဆိုပြီး နောင်မွန်းမြို့နယ် မဲဆန္ဒနယ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ဦးချန်တန်ခင်က ယခုလိုပြောဆိုခဲ့ပါသည်။

နောင်မွန်းမြို့နယ်တွင် မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမူ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် အမြင့်ပိုင်း ရေမမြုပ်နိုင်သည့်နေရာများတွင် ကြိုတင် ပြောင်းရွှေ့မူများ ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း ၎င်းကဆက်ပြောသည်။

“ ကျနော်တို့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးနဲ့ဆောင်းဘဲရှိတော့ ခုလိုမိုးရာသီဆိုရင် မိုးကတော့ ရေဘေးမဟုတ်ရင်တောင်မှ နှစ်စဉ်နှစ်တိုင်း သဘာဝရေကြီးတာတွေက ကြုံရတတ်တာပေါ့။ အဲဒါကြောင့် အဓိကလူမူဝန်ထမ်းကယ်ဆယ်ရေး ဌာနအနေနဲ့ မိုးတွင်းမှာ အဲလိုဖြစ်တတ်တဲ့ မြို့နယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ငန်းတွေထားရှိဖို့လိုတယ်။” ဆိုပြီး နောင်မွန်းမြို့နယ် မဲဆန္ဒနယ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ဆက်ပြောသည်။

လက်ရှိ ပူတာအို နှင့် နောင်မွန်း မြို့ကြား လမ်းပန်းဆက်သွယ်ရေးအတွက် ကားကြီးများသွားလာရန် ခက်ခဲသည့်အတွက် အစားအသောက်ရိက္ခာများ သယ်ယူရန် အနည်းငယ်ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နောင်မွန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်က ရေကြီးရေလျှံမူဖြစ်ခဲ့ပြီးနောက် နှစ် ၃၀ ကျော်အတွင်း ယခုနှစ်သည် ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...