ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲမဖြစ်သင့်ကြောင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ချင်းအရပ်ဖက်အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူများနှင့် ချင်းကျောင်းသားများက ပြောသည်။
ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးများကို ကိုယ်စားပြုသည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့်တပ်မတော်တို့ စစ်ဖြစ်လျှင် လက်ခံလို့ရသော်လည်း တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားမှုကို လက်ခံလို့မရဟု ဆိုကြသည်။
“ရခိုင် AA နဲ့ တပ်မတော်တို့ စစ်ဖြစ်ရင် ရခိုင်နယ်မြေမှာ သွားဖြစ်ပါလား။ ကျနော်တို့ဆီဘာလို့ဖြစ်တာလဲ။ ကျနော်တို့ကို တမင်သက်သက် လုပ်တာလားပေါ့။ ကျနော်တု့ိ ချင်းတွေကို ကိုယ်စားပြုတဲ့ ချင်းတပ်ဦးနဲ့ ဗမာ့တပ်မတော်တု့ိ တိုက်ပွဲဖြစ်ရင် ကျနော်တို့ခံလို့ရတယ်။ ဒါပေမယ့် သူများလူမျိုးတွေ စစ်ဖြစ်တဲ့နေရာမှာ ပလက်ဝဟာ စစ်ဘေးရှောင်ဘဝ ရောက်တာကို စိတ်နာတယ်” ဟု ပလက်ဝ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (ဟင်းခါး) မှ ဆလိုင်းဧလီရှမာက ပြောသည်။
ချင်းပြည်နယ်၌ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်က ချင်းပြည်သူများ စစ်ဘေးရှောင်ဘဝသို့ မရောက်ခဲ့ဘဲ ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှသာ ပလက်ဝဒေသခံများသည် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိသွားရခြင်းမှာ မဖြစ်သင့်ဟု ၎င်းကဆက်ပြောသည်။
လက်ရှိအချိန်၌ ပလက်ဝမြို့နယ်ရှိ ဒေသခံများသည် စားနပ်ရိက္ခာတို့ကို ကန့်သတ်ချက်ဖြင့် သယ်ယူ နေရကြောင်း၊ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်နေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုမရှိခြင်း စသည့် အခက်ကြုံတွေ့နေရကြောင်း ပြောကြသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် (၄) ထောင်ခန့်ရှိပြီး စာသင်ကျောင်း ပေါင်း (၁၁၈) ကျောင်း ပိတ်ထားရသည်။







