ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်မြို့နယ်အသီးသီးနှင့် ကလေးမြို့ နယ်အတွင်းရှိ ချင်းပြည်သူများထံ ကောက်ခံရရှိသော အလှူငွေများကို စစ်ဘေးတိမ်းရှောင်နေကြရသည့် ချင်း ပြည်သူများထံ ဇူလိုင်လ တတိယပတ်က သွားရောက်လှူဌါန်းခဲ့ကြသည်ဟု သိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါခဲ့ကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက်ရည်ရွယ်ပြီး ချင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ချင်းကျောင်းသားလူငယ်များက ဦးဆောင်၍ ချင်းပြည်နယ် မင်းတပ်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး နှင့် ကလေးမြို့တို့တွင် အလှူများကောက်ခံကာ ကျပ်ငွေ သိန်း ၄၀၀ နီးပါးခန့်ရရှိခဲ့ကြသည်။
ထိုကဲ့သို့ ချင်းပြည်သူများမှ ထည့်ဝင်သည့်အလှူငွေများကို ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ကျေးရွာ ၅ ရွာနှင့် သဲချောင်းဝကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အကြားက သွားရောက်လှူဌါန်းခဲ့ကြသည်ဟု လှူဌါန်းမှုတွင် ဦးဆောင်ပါဝင်သူ
ချင်းကျောင်းသားသမဂ္ဂတက္ကသိုလ်များ - ကလေး ဒုဥက္ကဌ ဆလိုင်းထောင်းထောင်းကပြောသည်။
“သူတို့မှာလိုအပ်ချက်အရမ်းများနေတယ် ဒါပေမဲ့ အခုဒီတစ်ခေါက်သွားတာနဲ့ စားဝတ်နေရေးက နည်းနည်း ဒီတစ်လနှစ်လလောက်တော့ အဆင်ပြေနိုင်အောင်တော့ ကျနော်တို့စီစဉ်ပေးခဲ့တယ် ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ သူတို့အစားအသောက်လည်း လုံးဝစိတ်ချရတဲ့အနေအထားမှာမရှိဘူး ဆန်ဆိုရင်လည်း ဝယ်ချင်တိုင်းဝယ်လို့မရဘူး ဒီအများကြီးသယ်မယ်ဆိုရင် ထွေအုပ်ရဲ့ခွင့်ပြုချက်နဲ့မှရတယ်စသဖြင့်ပေါ့ သူတို့မှာပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်တဲ့ကိစ္စဖြစ်နေတယ်’’ ဟု ဆလိုင်းထောင်းထောင်းကပြောသည်။
မီးဇာကျေးရွာတွင် လာရောက်ခိုလုံသည့် စစ်ဘေးရှောင်ကျေးရွာ ၅ ရွာ လူဦးရေ ၆၀၀ ကျော်ကို လူတစ်ဦးလျှင် ကျပ်ငွေ ၃ သောင်းနှုန်းဖြင့်လည်းကောင်း၊ သဲချောင်းဝကျေးရွာတွင် ခိုလုံနေကြသည့် မောင်နှမကျေးရွာမှစစ်ဘေးရှောင်ပြည်သူ ၁၄၀ ကျော်ကို တစ်ဦးလျှင် တစ်သောင်းခွဲနှုန်းဖြင့်ထောက်ပံ့နိုင်ခဲ့ကြသည်ဟု သိရသည်။
“ကျနော်တို့ ငွေသားနဲ့ သွားရောက်ပေးတာက သိန်း၃၀၀ နီးပါးရှိတယ် ကျန်တာက ပစ္စည်းနဲ့ ဥပမာ အိမ်သာခွက်တွေ မိုးရာသီဆိုတော့ ထီးတွေမရှိကျဘူး ထီးတွေဝယ်ပေးတယ် ပြီးတော့ ကျောင်းစိမ်းကျောင်းဖြူတွေလည်းဝယ်ပေးတယ် စသဖြင့်ပေါ့ ကျနော်တို့ ငွေသားနဲ့ရော ပစ္စည်းနဲ့ရောပေးတာရှိတယ် ဒါပေမဲ့ ငွေသားနဲ့ ပေးတာပိုများတယ် ၈၀ ရာခိုင်နှုန်းက ငွေသားနဲ့ပေးတယ် ၂၀ ရာခိုင်နှုန်းက ပစ္စည်းနဲ့ပေါ့” ဟု ဆလိုင်းထောင်းထောင်းကပြောသည်။
စစ်ဘေးရှောင်စခန်းတွင်ခိုလုံနေကြသည့် ဒုက္ခသည်ပြည်သူများသည် တောင်ယာစိုက်ပျိုးမှုများမလုပ်ဆောင်နိုင်ခြင်းကြောင့် နေ့စဉ်စားသောက်ရန် ဆန်လိုအပ်မှုအလွန်မြင့်မားနေပြီး စိတ်ဝေဒနာများကိုလည်း အတော်ခံစားနေရသည်ကို မြင်တွေ့ခဲ့ကြောင်း ဆလိုင်းထောင်းထောင်းက ဆက်ပြောသည်။
“အဲဒီအခြေအနေမှာ ဘယ်လိုမှ သူတို့ရှေ့ဆက်ဖို့ဆိုတာမဖြစ်နိုင်ဘူး တောင်ယာလည်းမရှိ အဲဒီငွေသားတွေနဲ့ စားသောက်တာရောကျန်းမာရေး ပညာရေးတွေမှာသုံးမယ်ဆိုရင် သူတို့အတွက်မဖြစ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်တယ် သူတို့အတွက် ပြန်လည်ထူထောင်ရေးအတွက်အများကြီးလိုမယ် သူတို့နဲ့ဆွေးနွေးတဲ့အခါမှာ အရမ်းစိုးရိမကြတာက စားစရာလုံးဝမရှိမှာကြောက်ကြတယ် ဆန်အတွက် သူတို့ရင်ပူကြတယ်” ဟု ဆလိုင်းထောင်းထောင်းကပြောသည်။







