ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်(AA)တို့တိုက်ပွဲဖြစ်ပွားနေသော မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ဇွန်လ ၂ ရက်နေ့ကစပြီး ဆက်သွယ်ရေးမိုဘိုင်းအင်တာနက်ကို ယာယီဖြတ်တောက်ထားမှုသည် တစ်လကျော်ထိ ရှိသွားပြီးဖြစ်သည်။
အစိုးရက နယ်မြေလုံခြုံရေးကို အကြောင်းပြပြီး ဆက်သွယ်ရေးမိုဘိုင်းအင်တာနက်ကို ယာယီဖြတ်တောက်ထားခြင်းဖြစ်သည်။
“တစ်ဖက်မှာ အင်တာနက်လိုင်းတွေကို ဖွင့်ထားပြီး တစ်ဖက်မှာ ပိတ်ထားတာဟာ လူသားချင်းတူပေမဲ့ အခွင့်အရေးချင်းမတူ ဖြစ်နေတာကြောင့် လူ့အခွင့်ရေးတစ်ခုကို ချိုးဖောက်ခံထားရသလို ဖြစ်နေတယ်။ အများနဲ့တပြေးညီ အင်တာနက်ကို ရယူသုံးစွဲပိုင်ခွင့် ရရှိဖို့် သက်ဆိုင်ရာတွေအနေနဲ့ အမြန်ဆုံး ဖွင့်ပေးစေချင်တယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်စခန်းများ၌ စစ်ရှောင်ဒုက္ခသည်များ နေထိုင်သော အဆောက်အဦ မလုံလောက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှုများနှင့် ကြုံတွေ့နေရမှုများကို တိုက်ရိုက် သတင်းဖြန့်ဝေမှု အားနည်းသွားသည့်အတွက် အခက်အခဲများ ဖြစ်နေရကြောင်း စစ်ရှောင်များကို ကူညီနေသည့် ကိုခိုင်မင်းသျှင်က ပြောသည်။
“အခက်အခက်ကတော့ အများကြီးကြုံခဲ့ရတယ်။ အလှူရှင်တွေနဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်။ အဓိကတော့ အင်တာနက်လိုင်း ပြန်ဖွင့်ဖို့လိုတယ်။ အင်တာနက် ပြန်ဖွင့်တာနဲ့ စစ်ဘေးရှောင် အခြေအနေတွေကို လူမှုအသိုင်းအဝိုင်းတွေက အချိန်နဲ့တပြေးညီ တင်ပြနိုင်မယ်၊ ကူညီနိုင်မယ်” ဟုဆိုသည်။
လက်ရှိအချိန်မှာ နိုင်ငံရေးအားဖြင့် NLD အစိုးရက တာဝန်ယူထားသော ကာလအတွင်း သတင်းစီးဆင်းမှုကို လွတ်လပ်စွာမပြုဘဲ အင်တာနက်လိုင်းများ ပိတ်လိုက်သည်အထိ ဖြစ်နေသော ကြောင့် NLD အစိုးရအနေဖြင့် အလွန်တရာ အရုပ်ဆိုးအကျည်းတန်သွားကြောင်း မြောက်ဦးမြို့နယ် ANP အတွင်းရေးမှူး ဦးထွန်းနီဝင်းက ပြောသည်။
အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုကြောင့် မိုဘိုင်းငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များမှာလည်း အခက်အခဲများစွာ ဖြစ်ပေါ်နေသည်ဟု Wave Money လုပ်ငန်းရှင်များ ကပြောသည်။
“ငွေလွှဲမှုကတော့ လုံးဝ အဆင်မပြေတော့ဘူး။ လုံးဝ ရပ်နားထားရတယ်။ မြောက်ဦးအတိုင်းအတာနဲ့ဆိုရင် Online နဲ့ပတ်သက်ပြီး လုပ်နေရတဲ့အလုပ်တွေ အကုန်လုံး ရပ်နားထားရတယ်။ online ကို အဓိကအသုံးပြုပြီး လုပ်နေရတဲ့သူတွေအနေနဲ့ အလွန်ပဲ နစ်နာမှုတွေဖြစ်သွားတယ်” ဟု wavemoney လုပ်ငန်းလုပ်ကိုင်သူ ကိုတက်တိုးက ပြောသည်။
အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်းခဲ့ရာ ၎င်းအဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သော်လည်း ပြည်သူ့လွှတ်တော်၌ တင်ပြရာတွင် ပယ်ချခံခဲ့ရသည်။







