စစ်ရှောင်စခန်းမှ အမျိုးသမီးများလုံခြုံရေး စိုးရိမ်မှုရှိနေ

စစ်ရှောင်စခန်းမှ အမျိုးသမီးများလုံခြုံရေး စိုးရိမ်မှုရှိနေ

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူများထဲတွင် အမျိုးသမီးများ အများဆုံးပါဝင်ပြီး စစ်ရှောင်စခန်းများမှာ ခိုလှုံနေကြသောအချိန်တွင် အမျိုးသမီးများအတွက် တစ်ကိုယ်ရည် လုံခြုံမှုမရှိဟု ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းများမှာ ဘုန်းတော်ကြီးကျောင်းများတွင် တည်ရှိခြင်း၊ အခန်းကျဉ်းမြောင်းခြင်း၊ လူဦးရေ များပြားခြင်း၊ အိမ်သာနှင့် အလှမ်းဝေးခြင်း၊ ရေချိုးအဝတ်လဲခြင်းများနှင့် အခန်းတံခါးမရှိဘဲ အိပ်နေရခြင်းတို့ကြောင့် အမျိုးသမီးများအတွက် လုံခြုံမှု မရှိခြင်းဖြစ်သည်။

အသက်ဘေးကို ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြသော်လည်း စစ်ရှောင်စခန်းများမှာ လုံခြုံမှုမရှိဘဲ အိပ်နေ ရသည့်အတွက် အမျိုးသမီးများအနေဖြင့် စိတ်လုံခြုံမှုမရှိကြောင်း မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှ ပီပင်ရင်းစစ်ရှောင်စခန်းသို့ ခိုလှုံရောက်ရှိနေသော မဖူးပွင့်ကျော်က ပြောသည်။

“စိတ်လုံခြုံမှုက လုံးဝမရှိဘူးပေါ့နော်။ ဒီနေရာလေးမှာ နေရတာက တံခါးအပိတ်ကလည်းမရှိဘူး။ ဒါပေမဲ့ ကိုယ့်ရွာသားတွေဆိုတော့ နည်းနည်းလုံခြုံတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုအခက်ခဲ ဖြစ်လာမလဲဆိုတာကို စိုးရိမ်းပြီးတော့ နေနေကြတဲ့လူတွေပဲ။ သိမ်ထဲမှာဆိုလည်း တံခါးမရှိတာတွေရှိတော့ မိန်းကလေးတွေအတွက် အရမ်းအန္တရာယ်ရှိပါတယ်ရှင်” ဟုပြောသည်။

စစ်ရှောင်စခန်းအများစုတွင် လူဦးရေနှင့် အိမ်သာလုံလောက်မှု မရှိသလို နေထိုင်ရသည့် အခန်းများမှာလည်း ကျဉ်းမြောင်းသည့်အတွက် လူဦးရေများပြားသော မိသားစုဝင်များမှာ နေထိုင်ရေး အခက်အခဲများ ဖြစ်နေကြသည်။

လူဦးရေ ၃၀၀၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာလည်း အမျိုးသမီးများအတွက် အဆင်မပြေမှုများ ရှိနေသည်ဟု လက္ကာကျေးရွာမှ စစ်ရှောင်လာသူ ဒေါ်ပန်းမြဦးကပြောသည်။

“အဓိကတော့ အိမ်ကမလုံခြုံတာပါ။ အိမ်ကမြင့်နေရင်တော့ လုံခြုံအောင် လုပ်လို့ရပါတယ်။ အခုက အခန်းလေး နှစ်ခန်းသာရှိတော့ ပစ္စည်းတွေကိုလည်း အခန်းမှာထားတာကြောင့် မိန်းကလေးတွေက အဝတ်လဲဖို့ကအစ အဆင်မပြေတော့ဘူး။ အိမ်အောက်မှာလည်းမရဘူး။ ရွံတွေရှိနေတယ်။

အပေါ့သွားမယ်ဆိုရင်လည်း ကိုယ့်အိမ်နားမှာဆိုရင်တော့ မိန်းကလေးတွေအတွက် ညဖက်တွေမှာလည်း လုံခြုံမှာပေါ့။ အခုကတော့ ညဖက်တွေမှာ အပေါ့အလေးသွားတာတွေကအစ အဆင်မပြေဘူး” ဟုဆိုသည်။

စစ်ရှောင်စခန်းများမှ အမျိုးသမီးများ တစ်ကိုယ်ရည်လုံခြုံရေးအတွက် အိမ်သာများ လုံလောက်စွာလိုသလို မိသားစု တစ်ခုအတွက် လုံလောက်သည့် အဆောက်အဦးလည်း လိုအပ်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒဏ်ခံစာနေးရသော လူဦးရေ ၅၀၀၀၀ ကျော်ခန့် ရှိလာပြီး ယင်းအထဲတွင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...