ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းရန် စုံစမ်းစစ်ရေးခုံရုံးအဖွဲ့ ဥပဒေအကြံရယူ
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့သည် ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ထပ်မံစိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးခုံရုံးသည် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ်သွားရောက်ကာ ကွပ်ကဲမှုဌာနချုပ်တစ်ခု အပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင် တစ်ခုနှင့် ကျေးရွာ ၅ ရွာတို့သို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထို့သို့သွားရောက် စုံစမ်းစစ်ဆေးခဲ့သည့် အခြေအနေများ၊ ဆက်လက်စုံစမ်းစစ်ဆေးမည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည့် ဥပဒေအကြံပြုချက်များ ရယူနိုင်ရန်အတွက် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ဥပဒေချုပ်ရုံး၌ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံရာ၌ ဥပဒေအကြံပေးအဖွဲ့မှ လိုအပ်သည့် သက်သေခံအချက်အလက် စုဆောင်းခြင်းဆိုင်ရာများ၊ ဥပဒေကြောင်းဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
သို့သော် ဥပဒေအကြံရယူခြင်းနှင့် မြေပြင်သို့သွားရောက် စုံစမ်းခဲ့သည်တို့ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ သို့ဖြစ်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိကြောင်း ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်းများ နယ်မြေရှင်းလင်းရေးပြုလုပ်ရာ လူ့အခွင့်အရေးချိုးဖောက်များရှိကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စွပ်စွဲမှုများရှိသည်။







