မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ ထွက်ပြေးခိုလုံနေကြရသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု အလုံအလောက်မရရှိကြကြောင်း စစ်ဘေးရှောင်ပြည်သူများကပြောဆိုကြသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းသလင်း၊ ပီတောင်၊ ယင်ခံဝနှင့် ဆတ်လိုင်၀ ကျေးရွာတို့မှ ချင်းပြည်သူ (၆၀၀) ကျော်တို့သည် မီးဇာကျေးရွာတွင် ဝါးတဲများထိုးကာနေထိုင်ကြရပြီး စားဝတ်နေရေးထောက်ပံ့မှု လုံလုံလောက်လောက်မရရှိ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ဝမ်းစာအတွက်ဖြေရှင်းနေကြရသည်ဟု ကင်းသလင်းကျေး ရွာအုပ်ချူပ်ရေးမှူး ဦးစမန်ကပြောသည်။
“ကျနော်တို့အရင် ကင်းသလင်းရွာမှာနေတုန်းကတော့ တောင်ယာဘဲ အဓိကလုပ်ကိုင်ကြတယ် အဆင်ပြေကြပါတယ်၊ ဒါပေမယ့် ဒီရောက်လာတော့ တောင်ယာလုပ်ဖို့လည်းမရှိတော့ဘူး၊ ဘာမှစားသောက်ဖို့လည်းအဆင်မပြေတော့ဘူး၊ အငှါးလိုက်ဖို့ရှိရင်တောင်ယာတွေမှာအငှါးလိုက်တယ် တခြားတော့ သဲတွေဘာတွေကျောက်တွေဘာတွေထမ်းဖို့ရှိရင်တော့ ထမ်းကြတယ် အငှါးလိုက်ဖို့မရှိရင်တော့ ဒီတိုင်းပဲနေကြတာ တခြားလုပ်စရာလည်းမရှိဘူးဆိုတော့လေ’’ ဟု ဦးစမန်ကေ ပြာသည်။
ကင်းသလင်းကျေးရွာသားအများစုသည် မြန်မာ့တပ်မတော်နှင့် အေအေတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့က မီးဇာကျေးရွာသို့ရောက်ရှိခဲ့ကြပြီး ရွာမှာကျန်ခဲ့သည့် (၅၄) ဦးမှာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေတပ်ဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ကြရသည်။
မီးဇာကျေးရွာသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် (၅) နာရီခန့်သွားရသောခရီးဖြစ်သည်။
ကင်းသလင်းရွာသားများသည် မီးဇာကျေးရွာတွင် ဝါးတဲများထိုးကာနေထိုင်ကြရပြီးလွန်ခဲ့သည့် (၅) လအတွင်း၌ ပလက်၀ အခြေစိုက် (၂၈၉) တပ်မှ ဆန်အိတ် (၃၀) မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဆန်အိတ် (၁၃၀) ခန့် စုစုပေါင်း နှစ်ကြိမ်သာ ရရှိပြီး အဆိုပါရရှိသည့် ဆန်များကို မီးဇာကျေးရွာတွင်နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူ (၆၀၀) ကျော်ကို ခွဲဝေခဲ့ကြသည်ဟု ကင်းသလင်းအုပ်ချူပ်ရေးမှူးကပြောသည်။
ယခုလက်ရှိ မီးဇာကျေးရွာတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများမှာ ကင်းသလင်းကျေးရွာမှ (၁၁၅) ဦး၊ ကုန်ပြင်ကျေးရွာမှ (၂၂၉) ဦး၊ ပီတောင်ကျေးရွာမှ (၁၄၈) ဦး၊ ယင်ခံဝကျေးရွာမှ (၈၇) ဦး နှင့် ဆတ်လိုင်ဝကျေးရွာမှ (၆၁) ဦး စုစုပေါင်း (၆၃၈) ဦးရှိသည်ဟု သိရသည်။
စစ်ဘေးဒဏ်ကြောင့် ကင်းသလင်း၊ ယင်ခံဝနှင့် ဆတ်လိုင်၀ ကျေးရွာတို့သည် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကလည်းကောင်း၊ ကုန်ပြင် နှင့် ပီတောင် ကျေးရွာတို့သည် ၂၀၁၈ ခုနှစ်ကတည်းက မီးဇာကျေးရွာသို့ ပြောင်းရွှေ့အခြေချခဲ့ကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်ပြည်သူများအတွက် ပလက်ဝမြို့နယ်အုပ်ချူပ်ရေးရုံးမှတဆင့် ထောက်ပံ့ပေးမှုနှင့် ဘာသာရေးအဖွဲ့အစည်း တစ်ချိူ့ထံမှ ထောက်ပံ့မှုတစ်ချိူ့ရရှိကြသော်လည်း လုံလောက်မှုမရှိနိုင်ကြောင်း ပြီးခဲ့သည့် ပီတောင်ကျေးရွာအုပ်ချူပ် ရေးမှူးဦးပါဒိုးကပြောသည်။
“ထောက်ပံ့တာတွေတော့ရှိတယ် ဒီလတွင်းမှာ နှစ်ခြင်းအဖွဲ့ကနေ ဆန်အိတ် (၄၈) အိတ်တော့ရတယ် ဒီမှာ ဒုက္ခသည်အားလုံးစုစုပေါင်းစားဖို့ကို အခုအားလုံးဝေလိုက်ပြီ ပြီးတော့ အစိုးရအဖွဲ့ကနေ ဆန်အိတ် (၅၀) ရတယ် အဲဒါဒီမှာရှိတဲ့ ဒုက္ခသည်တွေစားဖို့ ဝေတာ လူဦးရေအရနဲ့ လူတစ်ယောက်ကို ဆန်နှစ်ပြည်ဆီတော့ရတယ် လူဦးရေများရင်များသလို နည်းရင်နည်းသလိုပေါ့ရကြတာ ကျနော်တို့ဆိုရင် မနက် သုံးဗူး ညနေ သုံးဗူး ချက်ရတယ်၊ ဆန်ကတော့ မလုံလောက်ဘူး၊ ဒါပေမယ့် ချွေတာပြီးတော့ စားရတာပေါ့၊ အဓိကလိုအပ်တာကတော့ ဆန်ပဲ ” ဟု ဦးပါဒိုးကပြောသည်။
ကင်းသလင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကလေး (၂) ယောက်မိခင် ဒေါ်လဲ့လဲခင်ကလည်း မိသားစု စားဝတ်နေရေးအတွက် အငှါးလိုက်ပြီး အလုပ်လုပ်ကိုင်နေရသည်ဟု ပြောဆိုပါသည်။
“ထောက်ပံ့မှုတော့ရတယ် ဒါပေမဲ့လုံလောက်မှုမရှိတာကြောင့် အလုပ်လုပ်နေရတယ် တခါတလေ ငါးပိတွေထမ်း တယ် ပြီးလို့ရှိရင် ကုန်တင်ကုန်ချပေါ့ ဆန်တွေရောက်လို့ရှိရင်လည်း ဆန်တွေထမ်းနေရတယ် ပြီးတော့ ဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေပေါ့ အဲဒါတွေလည်းထမ်းတယ် ဒီလိုမျိုးအငှါးလိုက်လုပ်ပြီးမှ ကလေးတွေကိုကျွေးမွေးနေရတယ်၊ အခုတော့ ကျမအစ်ကိုရဲ့သားက ကျောင်းတက်ပြီဆိုတော့ ကလေးတွေကိုထိန်းမယ့်သူမရှိတော့ အငှါးလိုက်ဖို့လည်း အချိန်မရနိုင် တော့ဘူး” ဟု ဒေါ်လဲ့လဲ့ခင်ကပြောသည်။
ယခုလက်ရှိတွင် မြန်မာ့တပ်မတော်က နယ်မြေလုံခြုံရေးဟုဆိုကာ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်စုလျှင် ဆန်အိတ် (၅၀) သာ သယ်ဆောင်ခွင့်ပြုသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသာမက ဒေသခံပြည်သူများ လည်း ဆန်ဖူလုံမှုမရှိသည့်အနေအထားတွင်ရှိနေကြသည်။
“အုပ်စုတစ်စုကို တစ်ခါသယ်ရင် ဆန်အိတ် (၅၀) နှုန်းနဲ့ သယ်ခွင့်ပြုတယ် အဲလိုသယ်ဖို့ကလည်း စားသုံးမယ့် လူဦးရေစာရင်းကောက်ရတယ် ပြီးမှ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကိုတင်ပြရတယ် ခွင့်ပြုချက်ရမှပဲ ရခိုင်ပြည်န ယ် ကျောက်တော် ဘက်မှာသွားသယ်ရတယ်၊ အုပ်စုတစ်စုမှာ လူဦးရေ ရာနဲ့ချီရှိတဲ့အုပ်စုတွေလည်းရှိတော့ ဒီအိတ် (၅၀) နဲ့ ဘယ်လိုမှမလောက်နိုင်ဘူး’’ ဟု မီးဇာကျေးရွာမှ ရွာလူကြီးတစ်ဦးကပြောသည်။
မီးဇာကျေးရွာသည် အိမ်ခြေ (၁၂၀) ကျော်ရှိပြီးလူဦးရေအားဖြင့် (၄၀၀) ကျော်ခန့်ရှိသည်။ မီးဇာအုပ်စုတွင် ကျေးရွာ ၅ ရွာရှိသည်။
“ဆန်တစ်ခါသွားသယ်ရင် တစ်ပတ်လောက်အချိန်ကုန်တယ်၊ ခွင့်ပြုတာကလည်း အိတ် (၅၀) ပဲလေ၊ ခဏခဏသယ်ဖို့ကလည်း မလွယ်ဘူး၊ အချိန်ပေးရသလို ကုန်ကျစရိတ်လည်းပိုကုန်တော့ အရမ်းခက်တယ်၊ ဘယ်လိုမှ ဆန်ကမလောက်နိုင်ဘူး’’ ဟု အဆိုပါရွာလူကြီးတစ်ဦးကပြောသည်။
ဆန်မလုံလောက်မှုကြောင့် မီးဇာကျေးရွာအနီးတွင်တည်ရှိသော ထရွန်အိုင်ကျေးရွာရှိ မြန်မာ့တပ်မတော် တပ်စခန်းတွင် တပ်ရိက္ခာအတွက် ထားရှိသော ဆန်များကို တစ်အိတ်လျှင် ၅ သောင်းကျပ်အထိပေးပြီး ဝယ်ကြသူများလည်းရှိသည်ဟု သိရသည်။
ယခုကဲ့သို့ ဆန်သယ်ယူခွင့်ကန့်သတ်မှုကြောင့် ကူညီထောက်ပံ့လိုသည့် ပရဟိတအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့ အစည်းများအနေဖြင့် အဟန့်အတားဖြစ်စေသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးဝေတန်းကပြော သည်။
“ကျနော်တို့က ကူညီလို့မရဘူး ကန့်သတ်ထားတယ်ဆိုတော့ ကန့်သတ်ထားတဲ့အတိုင်းပဲလေ အဲဒီကန့်သတ်မှုပေါ်မှာတော့ ကျနော်တို့ကဘာမှ ဇောတကတက်လို့မရဘူး၊ သူတို့က အိတ် (၅၀) ဆိုရင် အိတ် (၅၀) ပဲနော် ဘာပဲဖြစ်ဖြစ်သူ့စည်း ကမ်းနဲ့သူပေါ့၊ ကျနော်တို့ အဖွဲ့အစည်းတွေကတော့ ဘာမှလုပ်လို့မရဘူး သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ ပုဂ္ဂိုလ်တွေကပဲ ညှို့နှိုင်းလို့ရတယ် ကျနော်တို့ ဒီလိုလူမှုအဖွဲ့စည်းတွေကတော့ မဆိုင်ဘူးလေ သူတို့ကမလုပ်နဲ့ဆိုရင်မလုပ်ယုံပဲရှိ တာကို”ဟုဦးဝေတန်းကပြောသည်။







