ရခိုင်တွင် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုပိုများလာ

ရခိုင်တွင် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုပိုများလာ

လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရေလမ်းခရီးကိုသာ အဓိက အားကိုးနေရသည့်  ရခိုင်ပြည်နယ်၌ ယခု ဇူလိုင်လ ပထမပတ်အတွင်းတွင် စက်လှေနစ်မြုပ်မှု သုံးကြိမ်ရှိခဲ့ပြီး လူအသေအပျောက်များရှိနေသည်ကို တွေ့ရသည်။

ဇူလိုင်လ (၇)ရက်နေ့၌ ပေါက်တောမြို့နယ်တွင် ငါးရှာရန်သွားသည့် စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူ(၂) ဦး ပျောက်ဆုံးသွားသည်။ ထို့အပြင် ရမ်းဗြဲမြို့နယ်မှ ကျောက်ဖြူမြို့သို့ သွားသည့် ခရီးသည်တင် စက်လှေတစ်စီးလည်း ယင်းနေ့က နစ်မြုပ်မှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်။

အလားတူ ဇူလိုင်လ ၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်အတွင်းတွင် ခရီးသည်တင် စက်လှေတစ်စီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးသွားသည်။

ထိုသို့ စက်လှေနစ်မြုပ်မှုမဖြစ်ပွားစေရန်နှင့် လူအသေအပျောက် မရှိစေရန်အတွက် စက်လှေများတွင် အသက်ကယ်အင်္ကျီများ ဆောင်ယူရန်လိုအပ်ကြောင်းနှင့် လူဦးရေမျှတအောင်လည်း တင်ဆောင်ရန်လိုအပ်သည်ဟု  အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

“ဒီကာလတွေမှာ မြစ်ကူး၊ချောင်းကူးသွားလာတဲ့အခါ လူကို လျှော့ပြီး တင်ဖို့လိုတယ်။ သတိရှိဖို့လိုတယ်။ စက်လှေတွေမှာ အသက်ကယ်အင်္ကျီတွေ ဆောင်ထားဖို့ လိုတယ်။ ပြည်သူတွေကို အသိပေးဖို့အတွက်ဆိုရင် အစိုး ရမှာ တာဝန်ရှိပါတယ်” ဟု ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

လက်ရှိအစိုးရသစ်တက်လာချိန် ၂၀၁၆ ခုနှစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌ ပိုးရွီပြင်းကျေးရွာမှ ကျောင်းဆင်းလာသော ကျောင်းသား၊ကျောင်းသူများကို တင်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်မှုကြောင့် ကျောင်းသား၊ကျောင်းသူ(၇)ဦး သေဆုံးသွားခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြည်နယ်အစိုးရက ခရီးသည်တင်စက်လှေများတွင် အသက်ကယ်အင်္ကျီများ ထားရှိရန် ညွှန်ကြားခဲ့သည်။

သို့သော် ခရီးသည်စက်လှေတစ်ချို့တွင် အသက်ကယ်အင်္ကျီများ ပါဝင်သော်လည်း ခရီးသည်များကို ပေးခြင်းမရှိပေ။ ထို့အပြင် တစ်ချို့စက်လှေများတွင်လည်း အသက်ကယ်အင်္ကျီများ လုံးဝမပါလာသည်ကို တွေ့ရပြီး ကုန်ပစ္စည်းအမြောက်အများ၊ လူမတန်တဆ တင်ဆောင်သွားလာခြင်းများ ပြုလုပ်နေသည်ကို DMG က လေ့လာ တွေ့ရှိရသည်။

အစိုးရအနေဖြင့် ခရီးသည်များ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ရန်၊ ကုန်ပစ္စည်းများ မျှတအောင်တင်ဆောင် ရန် ညွှန်ကြားထားသည်။ ထို့အပြင် မိုးသက်လေပြင်းတိုက်ခိုက်စဉ် စက်လှေများ မထွက်ရန်လည်း ညွှန်ကြားထားသည်ဟု ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“ထုတ်ပြန်ချက်တွေကို မလိုက်နာရင် စည်းမျဉ်း၊စည်းကမ်း ဥပဒေနဲ့ အညီအရေးယူသွားမှာဖြစ်ပါတယ်။ မြို့နယ်က သတင်းထုတ်ပြန်ချက်တွေကို ပြည်သူတွေအနေနဲ့ လိုက်နာဖို့ လိုတယ် ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မြစ်ချောင်းများ ပေါများသောကြောင့် တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာကို သွားလာရာတွင် ရေလမ်းခရီးများကိုသာ အဓိက အားထားနေရဆဲဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...