စစ်တွေတက္ကသိုလ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများနှင့် ကျောင်းလုံခြုံရေးအားနည်းချက်များကို စစ်ဆေးတွေ့ရှိရသဖြင့် ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂနှင့် ကျောင်းအာဏာပိုင်တို့ ပူးပေါင်းပြီး ယနေ့ ဇွန်လ ၈ ရက်နေ့မှ စတင်ပြီး လုံခြုံရေးတင်းကျပ်မှု စတင်လိုက်သည်။
စစ်တွေတက္ကသိုလ် ဘေးဘက်တံခါးပေါက် (မင်းဂံရပ်ကွက်သွားလမ်း) ကိုပိတ်လိုက်ပြီး ကျောင်းသား၊ကျောင်းသူများကိုလည်း ကျောင်းသားကဒ်များကို စစ်ဆေးမှုများပြုလုပ်ကြသည်။ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်းများအနေဖြင့် တက္ကသိုလ်ခြံဝင်းထဲသို့ ဝင်မည်ဆိုလျှင် သက်သေခံကဒ်ပြားများပါမှသာလျှင် ဝင်ခွင့်ရတော့မည်ဖြစ်သည်။
“အခုဆိုရင် ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းသားကဒ်ဆွဲဖို့ပြောထားတယ်။ ဒါကို ကျောင်းသားသမဂ္ဂ၊ ဆရာမများသမဂ္ဂ၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ပြုလုပ်သွားမယ်။ ကျောင်းသား၊ကျောင်းသူတွေချည်း မဟုတ်ဘူး။ ဆရာ၊ဆရာမ၊ ဝန်ထမ်းတွေလည်း ဝန်ထမ်းကဒ်ဆွဲရမယ် ”ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်နိုင်ဌေးက DMG ကိုပြောသည်။
ထို့ပြင် တက္ကသိုလ်သို့ ပြင်ပလူများ ဝင်ရောက်မှုကိုလည်း ထိန်းချုပ်မည်ဖြစ်သောကြောင့် ပြင်ပလူများ ဝင်ရောက်မည်ဆိုလျှင်လည်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့် သက်သေခံကဒ်ပြား တစ်ခုခုဖြင့် မှတ်တမ်းယူအပ်နှံပြီးမှသာ ဝင်ရောက်ခွင့်ပြုတော့မည်ဟု ၎င်းက ဆက်လက်ဆိုသည်။
ယခင်က ထိုသို့ စစ်ဆေးမှုများ မရှိခဲ့သောကြောင့် လုံခြုံမှုအားနည်းချက်များရှိသဖြင့် ဆိုင်ကယ် ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂထံက သိရသည်။







