ချင်းပြည်နယ် နယ်နိမိတ်ကို နဂိုမူလအတိုင်းပြန်သတ်မှတ်ရန် တောင်းဆို

ချင်းပြည်နယ် နယ်နိမိတ်ကို နဂိုမူလအတိုင်းပြန်သတ်မှတ်ရန် တောင်းဆို

ချင်းပြည်နယ်နှင့် ထိစပ်နေသည့် တိုင်းဒေသကြီးများအကြား နယ်နိမိတ်များကို နဂိုမူလနယ်နိမိတ်အတိုင်း ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်ဖြင့် ပြန်လည်သတ်မှတ်အတည်ပြုပေးရန် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(ချင်းပြည်နယ်)က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(ချင်းပြည်နယ်)၏ အလုပ်အမှုဆောင်အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့က တီးတိန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြ ပြီး နောက် ထိုကဲ့သို့တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

“ကျနော်တို့ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ရခိုင်တွေနဲ့ ပတ်သက်ပြီး နယ်နိမိတ်ကိစ္စကတောက် လျှောက်အငြင်းပွားနေတာပဲလေ၊ ကျနော်တို့မြေပုံအရဆိုရင် အဝေးကြီးကိုတော့ မပြောတော့ပါဘူး ၁၉၉၅ ခေတ်လောက်တုန်းကရှိနေတဲ့ မြေပုံအနေအထားနဲ့ အခုနောက်ပိုင်းမှာပြန်ပြီးပြောင်းလဲသတ်မှတ်တဲ့ မြေပုံအနေအထားမျိုးနဲ့ဆိုလိုရှိရင် တော်တော်လေးကို ကွာသွားတဲ့အနေအထားမှာရှိပါတယ်၊ ဒီနဂိုကရှိထားတဲ့ ၁၉၄၇ လောက်တုန်းကရှိထားတဲ့ နယ်နိမိတ်အပိုင်းအခြားနဲ့ သေချာကြည့်ပြီးတော့မှ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒီဟာတွေကိုသေသေချာချာလေးလုပ်ပြီးတော့ အငြင်းပွားစရာရှိတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ဖြေရှင်းစေချင်ပါတယ်’’ ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(ချင်းပြည်နယ်)မှ တာဝန်ရှိသူ အင်ဒရူးထားတွောင်ကပြောသည်။

နယ်နိမိတ်ကိစ္စနှင့်ပတ်သက်လာလျင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်နေထိုင်ကြသည့် ပြည်သူများအ ကြား အငြင်းပွားမှုတစ်ချိူ့ရှိနေပြီး လူမျိူးရေးဆန်သည့်ကိစ္စများမဖြစ်ပွားလာစေရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ယခင်ကရှိခဲ့ သည့်အထောက်အ ထားများနှင့် အတူသေချာပြန်လည် ဖော်ထုတ်သင့်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ကလေးတက္ကသိုလ် ပဋိညာဉ်စာတမ်း(မူကြမ်း) အခန်း ၁ ကလေးတက္ကသိုလ်တည်ထောင်ခြင်းနှင့် တည်နေရာ၊ အပုဒ်(၁.၃)တွင်ဖော်ပြထားသော “တက္ကသိုလ်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်တည်ရှိပြီး (၃၈၅) ဧက ကျယ်ဝန်းပါသည်။အရှေ့ဘက်တွင် ကလေးမြို့၊ အနောက်ဘက်တွင် တီးတိန်မြို့နယ်၊ တောင်ဘက်တွင် ကလေးမြို့နယ်၊ မြောက်ဘက်တွင် ကလေးမြို့နယ်ရှိပါသည်။’’ ဆိုသော စာပုဒ်သည် မှန်ကန်မှုလုံးဝမရှိဘဲ အမှန်တွင် “တက္ကသိုလ်သည် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် (၃၀၈.၅၆)ဧကနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် (၇၆.၄၄) ဧကပါဝင်ပြီး စုစုပေါင်း(၃၈၅) ဧက ကျယ်ဝန်းသည်။’’ ဟု အမှန်အတိုင်း အစားထိုးပေးရန် ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အင်ဒရူးထားတွောင်က “ ဒီဟာက ပြောင်းပြန်ဖြစ်နေတဲ့အနေအထားမျိုးဆိုတော့ ဒီဘက်ခေတ်မှာက ဒီလိုမျိုးလုပ်တဲ့အနေအထားမျိုးရှိတဲ့အခါကျတော့ ကျောင်းသားတွေအနေနဲ့လက်မခံဘူး ကျနော်တို့အနေနဲ့လည်းလက်မခံနိုင်ဘူး ပွင့်လင်းလာတဲ့ခေတ်မှာ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ ဒီလိုလုပ်တာမကောင်းဘူး ဒါကြောင့်မို့ ဒီဟာကို သက်ဆိုင်ရာ ပြည်နယ်တိုင်း နှင့် ပြည်ထောင်စုအနေနဲ့ဒီဟာကို သေချာလေးပြန်လုပ်ဖို့ကိုလိုချင်တာပေါ့ စစ်တပ်ကနေပြီးတော့ သူ့ဟာနဲ့သူ စိတ်ကြိုက်သတ်မှတ်ခဲ့တဲ့ဥစ္စာတွေကို ပြန်ပြီးတော့ လှန်စေချင်တာပေါ့” ဟု ပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...