ယခုရက်ပိုင်း ရခိုင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းရှိ နေအိမ်(၁၀၀) ကျော်တွင် ရေများဝင်ရောက်မှုရှိနေကြောင်း ကူညီကယ်ဆယ်ရေးပေးနေသူများထံမှ သိရသည်။
လေးမြို့မြစ် ကမ်းစပ်တွင် တည်ရှိနေသည့် အဆိုပါစခန်းမှာ မြစ်အတွင်းသို့ တောင်ကျရေများ စီးဆင်းမှု၊ ဒီရေတက်လာမှုများကြောင့် စစ်ဘေးရှောင်များ နေအိမ်အောက်တို့တွင် ရေ (၂) ပေခန့် မြင့်တက်လျှက်ရှိနေကြောင်း အဆိုပါစခန်းသို့ ကူညီကယ်ဆယ်ရေးပေးရန် ရောက်ရှိနေသူ မြောက်ဦးမြို့မှ ကိုခိုင်မင်းသျှင်က ပြောသည်။
“တောင်ကျရေတွေ များလာတယ်။ မြစ်ရေစီးမှုက ကြမ်းလာပြီးတော့ ဒီရေတက်လာတယ်။ မိုးလည်းရွာတယ်ဆိုတော့ ပိုပြီးတက်လာတာပေါ့။ လက်ရှိမှာ စစ်ဘေးရှောင်စခန်း (၃) ပုံ (၁) ပုံလောက်က ရေလွှမ်းမိုးနေပါပြီ။ ရေတက်နေတာက (၂) ပေကျော်လောက် ရှိပါပြီ။ အိမ်ခြေ (၁၀၀) ကျော်လောက် အိမ်အောက်ကို ရေဝင်တယ်။ နောက်လည်း ဒီထက် ရေတက်လာမယ့် အနေအထားပါ” ဟု ခိုင်မင်းသျှင်က ပြောသည်။
အဆိုပါ စခန်းမှာ လက်ရှိတွင် တာပေါ်လင်စအမိုး၊ ဝါးအိမ် ၄၅၁ ဆောင်ရှိပြီး လူဦးရေ ၃၄၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း မိုးရွာသွန်းနေပြီး ဆက်လက်ရွာသွန်းနေပါက စခန်းတစ်ခုလုံးရှိ နေအိမ်အခန်းများသို့ ရေတက်လာနိုင်မယ့် အနေအထားကြောင့် စစ်ဘေးရှောင်များမှာ စိုးရိမ်မှုများရှိနေကြောင်းလည်း ကိုခိုင်မင်းသျှင်က ပြောသည်။
“မိုးက မရပ်ဘဲ ဆက်ရွာနေတယ်ဆိုတော့ သူတို့နေတဲ့ အိမ်အခန်းကို ရေတက်လာမယ့်အနေထားရှိတယ်။ ဒါကြောင့် သူတို့ကလည်း စိုးရိမ်နေကြတယ်။ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါစစ်ရှောင်စခန်းအား စင်းဘောကိုင်းရွာ၏ အရှေ့ဘက်ခြမ်း ဘောဓိကုန်းနေရာသို့ ပြောင်းရွှေ့ရန် လျာတားထားသော်လည်း ငွေကြေးအခက်ခဲတချို့ကြောင့် အတည်မကျနိုင်သေးကြောင်းလည်း စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်ကြားသည်။
ယင်း စစ်ဘေးရှောင်စခန်းတွင် လေးမြို့မြစ်အထက်ပိုင်းကျေးရွာများဖြစ်သော ခြိပ်ချောင်း၊ စာပေါင်၊ အလယ်ရွာ၊ မော်ရွာသစ်၊ ကုန်းရွာ၊ မော်ရွာဟောင်း၊ ဘုရားကြီးစသည့်ကျေးရွာပေါင်း (၉) ရွာမှ ကျေးရွာသားတို့မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးခိုလှုံနေကြရခြင်းလည်းဖြစ်သည်။







