တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုကိုခံခဲ့ရသည့် မြောက်ဦးမြို့နယ်၊ပေါက်တောပြင်ကျးရွာက ဒေသခံ တစ်ဦးမှာ ကိုယ်ခန္ဓာများတွင် ဒဏ်ရာများရှိနေသည့်အပြင် သွေးအန်သည့်အတွက် စစ်တွေ ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ ၊ညနေ ၆ နာရီကျော် အချိန် တွင် သေဆုံးသွားသည်။
အသက် (၂၈)နှစ်အရွယ် ကိုဇော်ဝင်းလှိုင်သည် ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ဝေသာလီ ကျေးရွာ တွင် ဘုရားထုလုပ်ပြီး မိမိနေထိုင်သည့် ပေါက်တောပြင်ကျေးရွာသို့ အပြန် လမ်းတွင် တပ်မတော်၏ ဖမ်းဆီးမှုကိုခံခဲ့ရခြင်းဖြစ် သည်။ဖမ်းဆီးခံရစဉ် ရိုက်ပုတ်ခံရသည့်အတွက် ဒဏ်ရာများပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ဇွန်လ ၃၀ ရက်နေ့တွင် ယူဆောင်လာခဲ့ခြင်းဟု ဇော်ဝင်းလှိုင်၏ မိခင် ဒေါ်သိန်းနုစိန်က ပြောသည်။
“ ဒဏ်ရာဒဏ်ချက် အရမ်းများတဲ့အတွက် ဆေးရုံတင်လိုက်တာပါ။ ဒူးနှစ်ဖက်မှာလည်း ဒဏ်ရာများပါတယ်။ နောက်ပြီး လုံချည်ကို ကျောက်တုံးတွေထုပ်ပြီး ကျောကုန်းတွေကို ရိုက်တယ်တဲ့၊ ရင်ဘတ်တွေ ကိုရိုက်တယ်။ တံတောင်ဆစ်တွေ၊ ဒူးဆစ်တွေ အပါဝင် အပ်နဲ့ထိုးခံရတာလည်းရှိပါတယ်။ ဗိုက်အောက်၊ ဘေးတွေမှာ ဒဏ်ရာဒဏ်ချက်တယ် အရမ်းများပါတယ် ” ဟု ဒေါ်သိန်းနုစိန်က ပြောသည်။
သူမသေဆုံးမီ ကာလတွင် သွေးအန်သောကြောင့် အစားအသောက်များ မစားနိုင်ခြင်း၊စကားလည်း ကောင်းစွာ မပြောနိုင်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ကို ဆက်သွယ်မေးမြန်းရာတွင် ရိုက်ပုတ်နှိပ်စက်မှုများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
“ ကျွန်တော်တို့ တပ်ကတော့ အဲဒီလိုလုပ်တာမျိုး တမင်ရည်ရွယ်ပြီး လုပ်တာတွေ မရှိပါဘူးဗျာ။ အခြေနေအသေးစိတ်ကိုတော့ မြေပြင်ကလူတွေ ပိုသိပါလိမ့်မယ်။ မြေပြင်က တာဝန်ရှိသူတွေကို မေးကြည့်ဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်ကတော့ လုပ်ခိုင်းတာလည်းမရှိဘူး။ လုပ်တာ လည်းမရှိဘူး။ အကြောင်းအမျိုးမျိုးဖြစ်နိုင်တာပေါ့နော် ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ ကိုဇော်ဝင်းလှိုင်အပါအဝင် လူ(၈)ဦးကို ဇွန်လ ၂၀ ရက်နေ့က တပ်မတော်က မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို AA ဟု ယူဆရသည့် မသင်္ကာဖွယ်အမျိုးသားများဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ကိုဇော်ဝင်းလှိုင်၏ မိခင် ဒေါ်သိန်းနုစိန်က “ ကျွန်မသားက ပန်းရံလုပ်နေတာပါ။ AA လည်းမဟုတ်ပါ။ နိုင်ငံတော်အကြီးကဲတွေလည်း သိစေချင်ပါတယ် ” ဟု ပြောသည်။
ကိုဇော်ဝင်းလှိုင်တို့နှင့်အတူ တပ်မတော်၏ ဖမ်းဆီးစစ်ဆေးမှုကိုခံခဲ့ရသည့် ပေါက်တောပြင်ကျေးရွာက နေမျိုးထွန်း ဆိုသူလည်း ဇွန်လ ၂၄ ရက်နေ့က သေဆုံးသွားသည်။ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးချို့ယွင်း သောကြောင့် ဆေးရုံကို ပို့သည့်အခါ ဆေးရုံတွင်သေဆုံးသွားခြင်းဟု တပ်မတော်က မီဒီယာတစ်ချို့ကို ဖြေကြားထားသည်။
ကိုဇော်ဝင်းလှိုင်နှင့်အတူ ဖမ်းဆီးခံရသူများကို ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် ရမန်ယူခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ မြို့နယ် ရဲစခန်းအချုပ်ခန်းတွင် ချုပ် နှောင်ထားသည်။







