ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် မြေဧက ၇၀၀၀ ၌ အကောင်အထည်ဖော်နိုင်ရေးအဆိုပြု ထားသည့် SITTWE MYANMAR CITY 2030 အမည်ရှိ မြို့သစ်စီမံကိန်းသည် ဒေသခံ လယ်သမားများနှင့် ပြဿနာများဖြစ်လာနိုင်သည်ဟု စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယင်းစီမံကိန်းကို Gold Coast KTMG Development Co.,ltdက အကောင်အထည်ဖော်ရန် အဆိုပြုထားခြင်းဖြစ်ပြီး စစ်တွေမြို့ ဆတ်ရိုးကျတံတားအနီး ကျေးတောရွာနှင့်ရွှေမင်းဂံ ကျေးရွာက မြေဧက ၇၀၀၀ တွင် ပြုလုပ်ရန်အဆိုပြုထားခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၈ ဘီလီယံ ကုန်ကျမည်ဟု ဇွန်လ ၂၆ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် ကုမ္ပဏီဘက်က ရှင်းပြခဲ့ သည်။
“လယ်သမားတွေမှာ လယ်မရှိရင် သူတို့က လုပ်စရာ မရှိတော့ဘူး။ဒါမှမဟုတ် လယ်ကိုရောင်းပစ်ရင် သူတို့က တခြားမြို့နယ်တွေကို ပြောင်းရွှေ့သွားတာမျိုးတွေ ရှိနိုင်မယ်။အဲတော့ တချို့က အဲဒီလယ်တွေကိုရောင်းနိုင်မလား။ ဒါက မိဘဘိုးဘွားစဉ်လာအရ လယ်ယာပဲလုပ်လာကြတယ်။အဲဒီဟာတွေကို လယ်သမားတွေက ရောင်းမှ အဲဒီစီမံကိန်း အောင်မြင်လာမှာ။လယ်သမားတွေက မရောင်းနိုင်ဘူး ဆိုလို့ရှိရင် အဲဒီစီမံကိန်းဟာ ဘာမှ စလို့ လုပ်လို့မရဘူး” ဟု စစ်တွေမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။
အဆိုပါ စီမံကိန်းဖြစ်လာရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြု ယူရမည်ဖြစ်ကာ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့၏ ထောက်ခံချက်လည်း ယူရမည်ဟု ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဦးမြသန်းက ပြောသည်။
“အဆင့်အဆင့်သွားပြီးတော့ သူတို့ကို ခွင့်ပြုပြီဆိုတော့မှ သူတို့က နိုင်ငံတကာကုမ္ပဏီတွေကို ဖိတ်ခေါ်ရမယ်။ နောက်ပြီး သူတို့က မြေဧက ၇၀၀၀ ကို လာပြီးတော့ ရှာဖွေရဦးမှာ။ ရှာဖွေပြီးတော့ ရပြီဆိုတော့မှ လုပ်ငန်းစရမယ်ဆိုတော့ ဘယ်တော့လောက် စနိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်သည် ပထဝီနိုင်ငံရေးအရ အချက်အခြာကျသော နေရာတစ်ခုဖြစ်ကြောင်း ၊ စီးပွားရေးပိုင်းတွင် အနောက်နိုင်ငံမှ စိတ်ဝင်စားမှုရှိသကဲ့သို့ အရှေ့တိုင်းမှလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သည့်အခါ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ပြည်သူများ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် သင့်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဇွန်လ ၂၆ ရက်နေ့က ကုမ္ပဏီနှင့်တွေဆုံစဉ် ပြောကြားခဲ့သည်။
ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု၊ရေသန့်ထုတ်စက်ရုံ ၅ ခု၊ရေဆိုးသန့် စက်ရုံ ၅ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ကန် စသည်များ ပါဝင်မည်ဟု ရခိုင်ပြည်နယ် လွှတ်တော်က သိရသည်။







