တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲရေယာဉ်တစ်စီးအား AA တိုက်ခိုက်သဖြင့် စစ်သည်နှစ်ဦးကျဆုံး

တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲရေယာဉ်တစ်စီးအား AA တိုက်ခိုက်သဖြင့် စစ်သည်နှစ်ဦးကျဆုံး

စစ်တွေမြို့၊ဆတ်ရိုးကျချောင်းဝအနီးတွင် ကျောက်ချရပ်နားထားသော တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲ ရေယာဉ်တစ်စီးကို ဇွန်လ ၂၂ ရက်နေ့၊နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် စစ်သည် ၂ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။

AA သည် စစ်ရေယာဉ်၏ အနောက်ဘက်ကမ်းစပ်ရှိ လှိုင်းကာသဲအိတ်များ အကာအကွယ်ယူ၍ ရှော့တိုက်ဒုံး (၃) လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ရေယာဉ်၏ ပဲ့စင်ပိုင်းထိခိုက်ကာ စစ်သည်များ ကျဆုံး၊ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ပစ်ခတ်ခဲ့သည့်နေရာတစ်ဝိုက်အား ရှင်းလင်း ဆောင်ရွက်ရာ၌ ကျန်ရှိနေသေးသည့် Type 63 မီလီမီတာ အမျိုးအစားဒုံးသီး ၁ လုံး (စိစစ်ဆဲ) နှင့် ရှော့တိုက်ရာတွင် အသုံးပြုသည့် ဘတ္ထရီအိုး ၂ လုံး၊ ဆက်စပ်ဝါယာ ကြိုးများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

အဆိုပါ ရေယာဉ်သည် စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်းနှင့် ပင်လယ်ကမ်းစပ် တစ်လျှောက်၌ ပြေးဆွဲလျက် ရှိသော ဒေသခံပြည်သူများ၏ ရေယာဉ်များ စက်ချွတ်ယွင်း မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက ကူညီနိုင်ရန် အတွက် အသင့်စုဖွဲ့ထားရှိသော ရေယာဉ်ဟု တပ်မတော်က ဆိုသည်။

ယင်းရေယာဉ်ကို တိုက်ခိုက်ရခြင်းမှာ ရေတပ်သည် မြန်မာ့တပ်မတော်အတွက် လူအင်အား၊ လက်နက် အင်အားတို့ ပူးပေါင်းပါဝင်နေသဖြင့် တိုက်ခိုက်ရခြင်းဟု AA ၏ ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောသည်။

“စစ်ရဲ့ သဘောသဘာဝအရ လိုအပ်သလို တုန့်ပြန်တိုက်ခိုက်ရခြင်းဖြစ်ပါတယ် ”ဟု ၎င်းက ဆိုသည်။

ယင်းနေ့က ပစ်ခတ်သံနှစ်ကြိမ် ဆက်တိုက်ထွက်ပေါ်လာသဖြင့် ဆတ်ရိုးကျချောင်းနှင့်အနီးဆုံးကျေးရွာဖြစ်သည့် ကျေးတော ကျေးရွာက ဒေသခံများမှာ စိုးရိမ်မှုများရှိခဲ့သည်။ပစ်ခတ်ဖြစ်ပွားသည့် နေရာနှင့်ဝေးကွာသည့် နေရာ တွင်ရှိသည့် နေအိမ်တစ်လံုံးကိုလည်း လက်နက်ကြီးကျည်စများထိမှန်လာသဖြင့် နေအိမ်ခေါင်မိုးပေါက်သွား သည်။

“မိုးကြိုးပစ်သလို မြည်တာ။အိမ်တွေတုန်လှုပ်သွားတယ်။ပစ်ခတ်သံကြားတော့ အိမ်က လူတွေကို နိုးတယ်။ခဏ နေတော့ အိမ်ပေါ်က ကျည်စတစ်ခုကို တွေ့မိတယ်။လက်နဲ့ ကိုင်လို့မရဘူး။သိပ်ပူတယ်။အဝတ်စနဲ့ကိုင်ရတယ်။ ကျည်စ ကျလာတာက ကျနော့်သားအိပ်နေတဲ့အခန်းနဲ့ ကပ်နေတာ။ကံကောင်းလို့ ကျနော့်သားဘာမှ မဖြစ်တာ  ”ဟု အိမ်ရှင် ဦးစောမောင်သိန်းက ပြောသည်။

ယင်းကျည်စကို ရဲတပ်ဖွဲ့က ယူဆောင်သွားပြီး နေအိမ်ရှိ မိသားဝင်များကိုလည်း ဓာတ်ပုံရိုက်ယူသွားသည်။ထို့ အပြင် ကျေးတောကျေးရွာကနေအိမ်တိုင်းကိုလည်း တပ်မတော်နှင့်ရဲတပ်ဖွဲ့က အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊မှတ်ပုံတင်များ စစ်ဆေးခဲ့ကြသည်။

ပစ်ခတ်မှုဖြစ်ပွားသဖြင့် ကျေးတောကျေးရွာတွင် ရဲတပ်ဖွဲ့နှင့်တပ်မတော်ပူးပေါင်းပြီး လုံခြုံရေး အင်အား အမြောက်အများ ချထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...