မလေးရှား ချင်း community က ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ (၁၈၉) သိန်းလှူဒါန်း

မလေးရှား ချင်း community က ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ (၁၈၉) သိန်းလှူဒါန်း

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါခဲ့ကြသည့် ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော ချင်း community မှ ကျပ်ငွေ (၁၈၉) သိန်းကို လှူဒါန်းခဲ့သည်ဟု သိရသည်။

မလေးရှားရောက် ချင်းမျိူးနွယ်စုအဖွဲ့အစည်းအသီးသီးတို့ပူးပေါင်းဖွဲ့စည်းထားသော (Chin Emergency Relief Committee of Malaysia (CERCM)) အမည်ဖြင့် အလှူငွေများကောက်ခံကာ ရရှိလာသည့် အလှူငွေ သိန်း (၁၈၉) ကို စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုဆောင်ရွက်နေသည့် ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်ဟု CERCM မှာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းယောမာန်ကပြောသည်။

“ကျနော်တို့ သွေးချင်းညီအစ်ကိုများ(ပလက်ဝ) အခုလိုစစ်ဘေးဒုက္ခခံစားနေရတာဟာ ကျနော်တို့အနေဖြင့် ထပ်တူထပ်မျှခံစားရတယ်၊ သူတို့ခံနေတဲ့ဟာကို ကိုယ်ချင်းစာတယ်၊ သူတို့ဖက်မှာ ကျနော်တို့ရှိနေတယ်ဆိုတာကို မေတ္တာပြတဲ့အနေနဲ့ ကူညီတာဖြစ်တယ်၊ တပ်မတော်ရော AA အနေနဲ့ စစ်ပွဲအစား ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာစေချင်တယ်၊ စစ်ပွဲဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးသလို ဘယ်အဖွဲ့အစည်းကိုမှ ကောင်းကျိုးမပေးဘူး၊ အပြစ်မဲ့ပြည်သူတွေကိုပဲ ထိခိုက်နစ်နာစေတယ်၊ စစ်တိုက်ပြီး ကုန်ကျစရိတ်ကို ငြိမ်းချမ်းရေးအသုံးစရိတ်မှာ အသုံးပြုပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာစေချင်တယ်၊ AA အနေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ပွဲမဖန်တီးသင့်ဘူး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးထိခိုက်စေတယ်” ဟု ဆလိုင်းယောမာန်ကပြောသည်။

(CERCM) အဖွဲ့အစည်းတွင် CNF Regional Committee (Malaysia) ၊ ချင်းဒုက္ခသည်ကွန်မြူနီတီများဖြစ်ကြသော ACR, CRC, DAI, FRO, ZAM (၅) ဖွဲ့၊ မလေးရှားချင်းခရစ်ယာန်မိတ်သဟာယနှင့်အသင်းတော်များ၊ Chin Christian Fellowship (CCF) များတို့၏ လက်အောက်ခံ ချင်းလူမှုအဖွဲ့အစည်းများ၊ ချင်းခရစ်ယာန်မိဿဟာယ၊ အသင်းတော်များ နှင့် ချင်းလူမျိုးတဦးချင်းအနေဖြင့် မိမိတို့သက်ဆိုင်ရာ အသီးသီး တွင် အလှူငွေထည့်ဝင် ပါဝင်ကြခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့များက ပလက်ဝမြို့မှ ၇ မိုင်ကျော်ကျော် ခန့်အကွာတွင် မြန်မာ့တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပိန္နဲတပင်၊ သဲမချောင်းထဲ၊ ကျောက်ပျဉ်ထောင့်၊ ကြွေသောင်နှင့် လောင်းတင် စသည့်ကျေးရွာ (၅) ရွာမှ ဒေသခံပြည်သူ ၇၀၀ ကျော် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံခဲ့ကြသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် ပလက်ဝမြို့ပေါ်ရှိ ကြံံ့ခိုင်ရေးရုံး၊ NLD ရုံး၊ အင်္ဂလိဂန်အသင်းတော် မူကြိုကျောင်း နှင့် နီးစပ်ရာဆွေမျိူးများထံသို့ ခုံလုံနေကြပြီး ယင်းတို့အထဲမှ စစ်ဘေးရှောင်တချိူ့မှာ နေရပ်ပြန်သွားကြပြီဟု ပလက်ဝမြို့ နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးကျော်အောင်ကပြောသည်။

“တချို့က ရွာကိုပြန်နေကြတယ် တချို့ကတော့လုံးဝမပြန်သေးဘူး၊ သေချာတဲ့အနေအထားတော့မဟုတ်ဘူး ဒီမှာကလည်းကိုယ့်အိမ်ကိုယ့်ရွာမဟုတ်ဘူးဆိုတော့ ကိုယ်နေခဲ့တဲ့နေရာမှာ သူတို့ပစ္စည်းတွေဘာတွေကစ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ဟာတွေ စိုးရိမ်တဲ့အနေအထားကြောင့် သူတို့က ပြန်တဲ့အနေအထားမှာရှိတယ်၊ အခုတော့လောလောဆယ်က စစ်တော့မဖြစ်သေးဘူး စစ်မဖြစ်တော့ဘူး ဒါပေမဲ့ အခြေအနေက ဘာမှအသေအချာ မှန်းလို့မရတဲ့အနေအထားမှာရှိတယ်” ဟု ဦးကျော်အောင် ကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် မင်းတပ်မြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း အလှူငွေများကောက်ခံလျက်ရှိပြီး ကျပ်ငွေ (၁၇) သိန်းကျော်ရရှိထားပြီဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...