ပလက်ဝမြို့နယ်တွင် ဆရာ/ဆရာမ မရှိသည့်ကျောင်း (၁၀၀) ကျော်ရှိ၊ ကျောင်းဖွင့်ရန်အခက်အခဲဖြစ်နေ

ပလက်ဝမြို့နယ်တွင် ဆရာ/ဆရာမ မရှိသည့်ကျောင်း (၁၀၀) ကျော်ရှိ၊ ကျောင်းဖွင့်ရန်အခက်အခဲဖြစ်နေ

ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ရှိ ကျောင်းပေါင်း (၁၀၀) ကျော်တွင် ကျောင်းဆရာ/ဆရာမ တစ်ယောက်မှမရှိသည့်အတွက် ကျောင်းဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ တစ်ယောက်မှမရှိ သည့် ကျောင်းပေါင်း (၁၁၈) ကျောင်းရှိပြီး ဆရာ/ဆရာမ တစ်ယောက်စီသာရှိသည့် ကျောင်း (၉၄) ကျောင်းရှိသည့်အတွက် စုစုပေါင်း ကျောင်း ၂၁၂ ကျောင်းသည် ဆက်ဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ချင်းက သွားရေးလာရေးခက်ခဲတဲ့အတွက်ကြောင့် ချင်းပြည်နယ်မှာတစ် နှစ်နေရင် ပြောင်းခွင့်ပေးထားတယ် တစ်နှစ်နေရင် သူ့ကိုထောက်ခံပြီးတော့ ပြောင်းရွေ့ခွင့်ပေးထားတော့ ပြည်မကနေလာတဲ့ ဆရာ၊မ အားလုံးကတစ်နှစ်နေပြီးတာနဲ့ ပြောင်းရွေ့ခွင့်တင်တယ် နောက်တစ်ခုက ပလက်ဝလည်း လက်ရှိကနယ်မြေလည်းမငြိမ်းချမ်းဘူးလေ ဘယ်သူမှလည်းမနေချင်ဘူး နယ်မြေမငြိမ်းချမ်းတဲ့အတွက်လည်းမနေချင်ဘူး ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေဖြစ်တဲ့အတွက် ဆရာ၊မတွေကိုလည်း ချင်းတောင်မှာတစ်နှစ်နေလို့ရှိရင်ပြောင်းခွင့်ပေးထားတယ် အခုပြောင်းတဲ့နေရာမှာ မူလတန်းကျောင်း ဆရာ၊မ ၂ ရာကျော်ပြောင်းတာမှာ ဆယ်ယောက်လောက်ပဲပြန်ဝင်တယ် နောက်တစ်ခုက အလယ်တန်းကျောင်းဆိုရင် ၄၂ ယောက်ပြောင်းသွားတယ် ၂၃ ယောက်ပဲပြန်ဝင်တယ် အထက်တန်းကျတော့ တစ်ယောက်ထွက်သွားတယ် ၂ ယောက်ပြန်ဝင်တယ် အဲလိုဖြစ်တော့ လူလိုအပ်ချက်က နှစ်ရာကျော်လောက်က လိုအပ်ချက်တွေဖြစ်ကုန်တာပေါ့” ဟု စည်ပင်ဝန်ကြီးကပြောသည်။

ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အပေါ် ချင်းပြည်နယ်အစိုးရက နေ့စားလပေးဝန်ထမ်းများခန့်အပ်ရန်၊ ပြည်မဘက်မှ ဆရာ/ဆရာမများကို မက်လုံးပေး၍ ခေါ်ယူရန်နှင့် ရှိပြီးသား ဆရာ/ဆရာမများကို မျှပြီးခွဲပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဦးစိုးထက်က ဆက်ပြောသည်။

“ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအနေနဲ့ကတော့ ဆရာ၊မ နည်းနည်းစုံနေတဲ့နေရာတွေကို ကျွန်တော်တို့မျှြ ပီးတော့ တာဝန်ထမ်းဆောင်နိုင်အောင် စီမံခဲ့တယ် ကျောင်းမှာလေးငါးယောက်ကျောင်းရှိ တဲ့နေရာကနေပြီးတော့ တစ်ယောက်မှမရှိတဲ့ကျောင်းကို တစ်ယောက်နှစ်ယောက်ခွဲပြီးတော့မှ တာဝန်ပေးမယ်လို့ အဲလိုတော့ ကျွန်တော်တို့စီစဉ်နေတယ် နောက်တစ်ခုက ပလက်ဝမှာအရင်တုန်းက နေ့စားလပေးဝန်ထမ်းကျောင်းဆရာ၊မ ခန့်မယ်ဆိုပြီးတော့ စာမေးပွဲဖြေတာ ၃၅၀၀ လောက်လာဖြေတယ် အဲထဲမှာ ၁၉၁ ယောက်ကို ကျွန်တော်တို့ရွေးထားတာရှိတယ် ဟိုတလောကလည်း အမျိုးသားလွှတ်တော်မှာ ဆလိုင်းမျိုးထက်ကလည်းမေးထားတာရှိတယ် အဲဒီဟာကိုလည်းခန့်ပေးနိုင်မယ်ဆိုရင်တော့ တစ်ဝက်လောက်တော့ဖြည့်သင့်ဖြည့်လို့ရသွားမှာပေါ့ ဘွဲ့ရတာပါတယ် ဆယ်တန်းအောင်ပြီးသားတွေပါတယ် လူသုံးထောင်ကျော်ကနေ ၁၉၁ ယောက်ရွေးထားတယ် အဲဒါရမယ်ဆိုရင်နည်းလမ်းတစ်ခုပေါ့ နောက်တစ်ခုက ပြည်မမှာရှိတဲ့ဆရာ၊မတွေကို ကျွန်တော်တို့ဘက်ကို Promotions နဲ့ပဲဖြစ်ဖြစ် နောက်တစ်ခုခုမက်လုံးပေးပြီးတော့ တာဝန်ထမ်းဆောင်နိုင်အောင်ပို့ဖို့ အဲလိုနည်းလမ်းမျိုးစုံနဲ့အစိုးရအဖွဲ့တွေအနေနဲ့ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနကိုတော့တင်ပြထားပြီးဆောင်ရွက်နေပါတယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပလက်ဝြမို့နယ်သည် ယခုလက်ရှိ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းသည် ကျောင်းဆရာ/ဆရာမ မလုံလောက်သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း ကျောင်းဆရာ/ဆရာမ လိုအပ်ချက်များရှိနေပြီး တွန်းဇံမြို့နယ်သ ည် ကျောင်းဆရာ/ဆရာမ လိုအပ်ချက် ဒုတိယအမြင့်ဆုံးမြို့နယ်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ မရှိသည့် ကျောင်း ၄၇ ကျောင်းရှိခဲ့သည်။ လူဦးရေ တစ်သိန်းကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၄ ကျေးရွာရှိပြီး ကျောင်ပေါင်း ၄၀၀ နီးပါးခန့်ရှိသည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...