ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာကိစ္စနှင့်ပတ်သက်၍ မတူပီမြို့ပြည်သူများက မကျေနပ်သည့်အတွက် ဧပြီလ (၁၈) ရက်တွင် လူဦးရေ လူ (၅၀၀၀) ခန့်ဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်သည်။
မတူပီမြို့ဒေသခံပြည်သူများအနေဖြင့် ခရိုင်ရုံးကို စည်ပင်ဧရိယာအတွင်း ယခုမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံး (သို့မဟုတ်) ဖူလ်ပါးကွင်းတွင် တည်ဆောက်ပေးရန် အလိုရှိကြသော်လည်း ချင်းပြည်နယ်အစိုးရက ဖနိုင်-ငလိုင် ကျေးရွာဘက်တွင် တည်ဆောက်ရန်စီစဉ်နေသည့်အပေါ် မကျေနပ်၍ ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ဆန္ဒဖော်ထုတ်ကြမည်ဟု ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်မည့် ဦးဘူဖွေးကပြောသည်။
“ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နောက်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ နောက်စည်ပင်ကော်မတီ ဒီကရပ်ကွက်အုပ်ချုပ်ရေးမှူးများ နောက်အရပ်ဖက်အဖွဲ့အစည်းတွေပေါ့နော် အဲဒီအဖွဲ့အစည်းတွေအားလုံးက ဆုံးဖြတ်ချက်ချတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို မြို့နယ်စည်ပင်နယ်နမိတ်အတွင်းမှာဆောက်လုပ်မယ် အဲဒါကျန်တဲ့ဌာနတွေကိုတော့ ကြိုက်တဲ့နေရာကောင်းတဲ့နေရာ တစ်နည်းအားဖြင့် နေရာကောင်းတဲ့နေရာ ဘယ်နေရာမဆိုဆောက်လို့ရ ပါတယ် အဲလိုဝိုင်းပြီးတော့မှ သဘောတူဆုံးဖြတ်တယ် ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို ချင်းပြည်နယ်အစိုးရအနေနဲ့ လုံးဝလက်မခံပေးတဲ့အခါကြတော့ ပြည်သူတွေက စိတ်မကောင်းဘူးပေါ့နော် ကျွန်တော်အောက်ခြေတင်ပြချက်ကို မလိုက်လျောပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆန္ဒပြန်ဖော်ထုတ်မယ်’’ ဟု ဦးဘူဖွေးကပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် မတူပီခရိုင်ရုံးဆောက်လုပ်ရန် မြေနေရာကို အတည်ပြုခြင်းမရှိသေးကြောင်းပြောကြားသော်လည်း ဒေသခံပြည်သူများ ဆန့်ကျင်ကန့်ကွက်သည့် ဖနိုင်-ငလိုင် ကျေးရွာကြားတွင် မြို့နယ်အုပ်ချူပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြေတိုင်းတာမှုများပြုလုပ်နေပြီဟုသိရသည်။
ခရိုင်ရုံးအတွက် ယခုလျာထားသည့်မြေနေရာသည် တတ်သိပညာရှင်များမှ ကွင်းဆင်းလေ့လာမှုအပေါ်အခြေခံပြီး ရွေးချယ်ရခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက်များပြုလုပ်နေပါက တည်ဆောက်မှုများ ကြန့်ကြာနှောင့်နှေးမည့်အပြင် ဘတ်ဂျက်များ ပြည်ထောင်စုအစိုးရထံသို့ ပြန်အပ်ရမည့် အနေအထားမျိူး ကြုံလာနိုင်သည်ဟု ချင်းပြည်နယ်ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ယခင်က သတိပေးပြောဆိုခဲ့ပြီးဖြစ်သည်။
မတူပီခရိုင်တည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကျပ်သန်းပေါင်း (၁၈၂၄ ဒသမ ၉) ချထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့် မတ်လ (၁၄) ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့ကြောင်းသိရသည်။
မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူများသည် ပြီးခဲ့သည့် ဇန်နဝါရီ (၅) ရက်နေ့က ပထမအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။







