AA တပ်ဖွဲ့မှဖမ်းဆီးသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦးတွင် ချင်းအမျိူးသားတစ်ဦးပါဝင်

AA တပ်ဖွဲ့မှဖမ်းဆီးသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦးတွင် ချင်းအမျိူးသားတစ်ဦးပါဝင်

ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့မှ ဖမ်းဆီးသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦးထဲတွင် ပလက်ဝမြို့နယ် လိပ်ကုန်း (၁) ရွာနေ ချင်းအမျိူးသား ဦးထွန်းလင်းအောင်လည်းပါဝင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ပလက်ဝမြို့မှ (၆) မိုင်ခန့်ဝေးသော လိပ်ကုန်း (၁) ရွာတွင် နေထိုင်သော အဘ ဦးကျော်အောင်၏ သား ဦးထွန်းလင်းအောင် (၃၄) နှစ်သည် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအထိ ကားလမ်း တည်ဆောက် နေသည့် ဆုထူးစံကုမ္ပဏီတွင် မြေတူးစက်မောင်းသည့် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စစ်ထောက်လှမ်းရေးနှင့် မည်သို့မျှပတ်သက်ဆက်နွယ်မှုမရှိကြောင်း ဦးထွန်းလင်းအောင်၏ ဖခင်ကပြောသည်။

“အရင်တုန်းက ဖားကန့်ဘက်မှာ မြေတူးစက်တွေမောင်းတယ် အခုမိဘအိမ်မှာပြန်ရောက်လာလို့ ဆုထူးစံကုမ္ပဏီမှာ လူတစ်ယောက်လိုတယ်ဆိုလို့ အဲဒီမှာ အလုပ်ဝင်လုပ်တာ စစ်ထောက်လှမ်းရေးတွေနဲ့လုံးဝပတ်သက်မှုမရှိပါ ပလက်ဝဒေသခံလူတွေအားလုံးလည်း သိပါတယ် အခုသူအဖမ်းခံရတာကြားတော့ သူ့အမေလည်း လုံးဝထမင်းမစားနိုင် ဖြစ်နေတဲ့အတွက်ကြောင့် သားကို ကျန်းကျန်းမာမာနဲ့အိမ်မှာ ပြန်ရောက်စေချင်တယ် အထူးလည်း တောင်းပန်ပါတယ်’’ ဟု ဦးထွန်းလင်းအောင်၏ ဖခင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ဦးထွန်းလင်းအောင်သည် မြေတူးစက်မောင်းပြီး မိသားစုကို အဓိကပြုစုကျွေးမွေးနေသူဖြစ်သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်၀ နှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများကို ၎င်းတို့တည်းခိုနေထိုင်ရာ တွင်းကင်းအလောင်းကျေးရွာတွင် အင်အား ၁၀၀ ကျော်ခန့်ရှိသော AA တပ်ဖွဲ့ဝင်များသည် မတ်လ (၃၀) ရက်နေ့က ဝင်ရောက်ပြီး အမျိူးသား (၁၁) ဦးနှင့် အမျိူးသမီး (၂) ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အထဲမှ အမျိူးသား (၃) ဦးနှင့် အမျိူးသမီး (၂) ဦးကို ပြန်လွှတ်ပေးပြီး (၈) ဦးကို AA က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

AA တပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ သူတို့ဖမ်းဆီးထားသည့်သူများသည် မြန်မာ့တပ်မတော်၏ စစ်ထောက်လှမ်းရေးဟောင်းနှင့် စစ်ထောက်လှမ်းရေးနှင့် ပတ်သက်နေသူများဖြစ်သည့်အတွက် စစ်ရေးအရ ဖမ်းဆီးထိမ်းသိမ်းခြင်းဖြစ်သည်ဟုဆိုသည်။

ပလက်ဝမြို့ လူမှုရေးကူညီရေး ပရဟိတအဖွဲ့မှ တာဝန်ခံ ကိုကျော်အောင်ကတော့ ဦးထွန်းလင်းအောင်သည် စစ်ထောက်လှမ်းရေးနှင့် မည်သို့မျှပတ်သက်မှုမရှိကြောင်း ရိုးရိုးသားသားဖြင့် မိဘကိုလုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည့် အတွက် အမြန်ဆုံးပြန်လွှတ်ပေးသင့်သည်ဟု ပြောဆိုသည်။

“သူတတ်ထားတဲ့ပညာလေးနဲ့မိသားစုစားဝတ်နေရေးကို တဖက်တလမ်းကနေလုပ်ကိုင်ကျွေးမွေးနေသူဖြစ်တယ် သူက စစ်ထောက်လှမ်းရေးတွေနဲ့ပတ်သက်ဆက်နွယ်မှုမရှိဘူးဆိုတာ ကျနော်တို့တွေလည်းသိတယ် ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးသင့်ပါတယ်’’ ဟု ကိုကျော်အောင်ကပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...