ချင်းပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် (၆၅) ခုတည်ဆောက်မည်

ချင်းပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် (၆၅) ခုတည်ဆောက်မည်

ချင်းပြည်နယ်၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ် (၆) ခုတွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် (၆၅) ခု ပြည်ထောင်စုအစိုးရမှ တည်ဆောက်သွားမည်ဟု သိရသည်။

အင်တာနက်ကွန်ယက် ချိတ်ဆက်အသုံးပြုနိုင်မည့် အဆိုပါဆက်သွယ်ရေးတာဝါတိုင်များကို ယခုဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပေးမည်ဟု ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးကိုယ်တိုင်ပြောပါတယ် အခုဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့က (၆၅) တိုင်စိုက်မှာပါ၊ ပြည်ထောင်စုအစိုးရကလုပ်မှာပါ၊ ကျွန်တော်တို့ချင်းပြည်နယ်ကတော့ မဖြစ်မနေလုပ်ရမယ့် အနေအထားဖြစ်ပါတယ်၊ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရဘက်ကလည်းစဉ်းစားပေးပါတယ်” ဟု ဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်များကို ထန်တလန်မြို့နယ်တွင် ၄ တိုင်၊ တွန်းဇံမြို့နယ်တွင် ၉ တိုင်၊ မင်းတပ် မြို့နယ်တွင် ၆ တိုင်၊ မတူပီမြို့နယ်တွင် ၁၈ တိုင်၊ ကန်ပလက်မြို့နယ်တွင် ၉ တိုင်၊ ပလက်ဝမြို့နယ်တွင် ၁၉ တိုင် စုစုပေါင်း ၆၅ တိုင်တည်ဆောက်ကြမည်ဖြစ်သည်။

ပလက်ဝမြို့နယ်သည် နယ်မြေတည်ငြိမ်မှုမရှိသည့်အတွက် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက် ရေးလုပ်ငန်း လုပ်ဆောင်ရန် စိုးရိမ်မှုရှိကြသည်ဟု ဝန်ကြီးကပြောသည်။

“ပလက်ဝနယ်မှာ ပဋိပက္ခတွေဖြစ်နေတော့ အဲတာတော့ရွှေရမယ်ဆိုပြီးဘာညာပြောတဲ့အခါကျတော့ ပဋိပက္ခရှိတဲ့နေရာက အနောက်ဖက်ခြမ်းဖြစ်ပါတယ် အရှေ့ဖက်မှာတော့ လွတ်လွတ်လပ်လပ်စိုက်လို့ရပါတယ် ဆိုပြီးတော့ ကျွန်တော်တော့ ဒီတိုင်းပဲ ဂတိပေးထားပါတယ်” ဟု ဝန်ကြီးဦးရွှေထီးအိုကဆက်ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဆက်သွယ်ရေးတာဝါတိုင်များ နည်းပါးနေသေးသည့် အတွက် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး ယခုကဲ့သို့ တာဝါတိုင်များပိုမိုတည်ဆောက်လာပါက ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေးတွင် ပိုမိုအဆင် ပြေလာမည်ဟု ယုံကြည်ကြောင်း မတူပီမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...