မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးနေကြရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေးအတွက် အခက်ကြုံနေကြရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ကျေးရွာ (၁၁) ရွာ၊ အိမ်ထောင်စု (၄၃၄)၊ လူဦးရေ (၂၀၃၉) ဦးရှိပြီး မီးဇာနှင့် ရှင်းလက်ဝကျေးရွာတို့တွင် နေထိုင်ကြသည်ဟု သိရသည်။
ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်နှင့် ဆေးဝါးများလိုအပ်ပြီး လာမည့်ကျောင်းဖွင့်ရာသီတွင် သားသမီးများပညာသင်ကြားရေးအတွက်လည်း စိုးရိမ်ပူပန်နေကြသည်ဟု ပလက်ဝမြို့ လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးဝေတန်းကပြောသည်။
“အဓိကလိုအပ်ချက်တော့ သူတို့စားသုံးဖို့ ဆန်လိုတယ် သူတို့ ငါးလစာလောက်လိုလိုက်မယ် မေလကနေ စက်တင်ဘာ လအထိလေ နောက်ပြီး သူတို့ကျောင်းဖွင့်တဲ့ချိန်မှာ သားသမီးတွေအတွက်ပညာသင်စရိတ် ငွေကြေးသို့မဟုတ် တန်ဖိုး ပစ္စည်းဥစ္စာစသဖြင့် အဲတာတွေတော့လိုမယ် အဲဒီနှစ်ချက်တော့ အဓိကလိုအပ်ချက်ဖြစ်တယ် နောက်ကျန်တာတော့ နွေရာသီရောက်လာပြီဆိုတော့ ရေမသန့်ရှင်းတာကြောင့် ဝမ်းလျှောဝမ်းပျက်စသဖြင့် ရောဂါတွေ နောက်အဲဒီပြင် ဆက်စပ်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့အတွက် ဆေးဝါးအနည်းအကျင်းလောက်တော့လိုအပ်ပါတယ်” ဟု ဦးဝေတန်း ကပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်ပြည်သူများကို ပုံမှန်ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ အစိုးရလူကြီးများ နယ်လှည့်ဆင်းလာသည့်အချိန်မျိူးမှသာ အနည်းအကျဉ်းကူညီထောက်ပံ့မှုပေးလေ့ရှိကြောင်း ပလက်၀ လူမှုကူညီရေးအဖွဲ့ ကလည်း အလှူရှင်များပေါ်လာသည့်အခါမှသာ ကူညီပံ့ပိုးနိုင်သည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။
“စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ကလည်းမရှိဘူးလေ လုပ်မယ့်ဟာမရှိတော့ အခုကျွန်တော်တို့ဒီမြို့နယ်ကနေ ကူညီပေးတာတစ်ချို့တစ်ဝက်ရှိတာပေ့ါ ဒါပေမဲ့အများကြီးမဟုတ်ဘူး ဒီပလက်ဝမြို့နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အလှူရှင်ကြီးတွေရှာပေးတယ် ဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းတွေက သူတို့မှာငွေအင်အားကတော့မရှိဘူး အကူညီပေးရုံလောက်ပဲရှိတယ်’’ ဟု ဦးဝေတန်းကပြောသည်။
ယခုလက်ရှိ စစ်ဘေးရှောင်တိမ်းနေရသည့် ကျေးရွာများမှာ ပီတောင်၊ ကုန်ပြင်၊ ကူချောင်းဖျား၊ လန်ဒန်၊ ကင်းတလင်း၊ ယင်ခံ၊ ခမောင်းဝ၊ စတလာဝ၊ စက်လင်ဝ၊ ကျောက်ပလင် စသည့်ကျေးရွာများဖြစ်ပြီး တချိူ့ကျေးရွာများမှာ ၎င်းတို့ကျေးရွာ သို့ ပြန်သွားသူများလည်းရှိကြသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့် ပလက်ဝမြို့နယ်တွင် ဆန်များကိုလည်း ကိုယ်လိုသလောက် ဝယ်ယူရန်ခက်ခဲ သည့်အပြင် သယ်ယူစရိတ်လည်း အကုန်ကျများသည်ဟု ပလက်၀ လူမှုကူညီရေး ပရဟိတအဖွဲ့မှ ဦးကျော်ခင်ကပြောသည်။
“ကျွန်တော်တို့အခုဒီ ခက်ခဲတာဆိုတာ အခုဒီနယ်မြေမငြိမ်းချမ်းတဲ့အချိန်ဆိုရင်ပိုဆိုးတာပေါ့ ပိုဆိုးတာဆိုတာက အဓိကတော့ လုံခြုံရေးအရ ဆန်တွေဘာတွေက ကြိုက်သလိုဝယ်လို့မရဘူး နောက်ပြီးတော့ ပစ္စည်းတွေပါစစ်ဆေးတာပေါ့ ဆန်တွေဘာတွေကလည်း သူ့အကန့်အသတ်သူ ယူရတဲ့အနေအထားရှိတယ် ကိုယ်ဝယ်ချင်သလောက်ဝယ်လို့လည်းမရဘူး အကန့်အသတ်လေးတော့ရှိတယ်ပေါ့နော် လုံခြုံရေးအရပြောတာပေါ့နော် အဲဒီအပြင်ကို ပုံမှန်အနေအထားပေါ့နော် ကျွန်တော်တို့ နယ်မြေမငြိမ်းချမ်းတဲ့အချိန်မဟုတ်ပေမယ့်လည်း ကျွန်တော်တို့သယ်ယူစရိတ်ကတော့ ဒီလိုပဲကျေးရွာက တစ်ဆင့်တစ်ဆင့် သယ်ရတာကိုး ကုန်ကျစရိတ်ကတော့များတာပေါ့” ဟု သူကပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆုတောင်းခြင်းနှင့် ကူညီထောက်ပံ့မှုပေးအပ်နိုင်ရန် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC) လက်အောက်ရှိအသင်းတော်ပေါင်း (၉၀၀) ကျော်တို့မှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။







