မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စ ဒေသခံပြည်သူများ ထံမံဆန္ဒဖော်ထုတ်မည်ဟုဆို

မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စ ဒေသခံပြည်သူများ ထံမံဆန္ဒဖော်ထုတ်မည်ဟုဆို

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးကို ဒေသခံပြည်သူများတင်ပြတောင်းဆိုထားသည် မြေနေရာတွင် မတည်ဆောက် ဘဲ မြို့တွင်းနှင့် (၈) မိုင်ခန့်ဝေးသောနေရာတွင် တည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်နေမှုကို ဆန့်ကျင်သည့် အနေဖြင့် ဒေသခံပြည်သူများမှ ထပ်မံဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။

မတူပီ မြို့မိမြို့ဖ တစ်ဦးဖြစ်သည့် ဦးတိတ်မင်းက “ခရိုင်ရုံးကို ကျွန်တော်တို့ လူထုအနေနဲ့တော့ မြို့တွင်းမှာ ဖြစ်စေချင် တာလေ မြို့တွင်းမှာဖြစ်စေချင်တာဘာဖြစ်လို့ ပြည်နယ်အစိုးရက ကျွန်တော်တို့ မြို့မိမြို့ဖရယ် နောက်စည်ပင်ကော်မတီ ရယ် လူမှုအဖွဲ့အစည်းရယ် ပြီးတော့ လေးရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် ဌာနဆိုင်ရာ ရယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရယ် အကုန်လုံးဆုံးဖြတ်ချက်နဲ့ ပြည်နယ်အစိုးရကိုတင်ပြတယ် ဒါပေမဲ့ ပြည်နယ်အစိုးရက ကျွန်တော်တို့ တင်ပြချက်ကို လုံးဝလျစ်လျူထားတဲ့အတွက်ကြောင့်မို့လို့ ထပ်မံဆန္ဒဖော်ထုတ်မှာ” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကိုမူ သတ်မှတ်ခြင်းမရှိသေးသည့်အတွက် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးတိတ်မင်းက ဆက်ပြောသည်။

မတူပီမြို့ဒေသခံတစ်ချိူ့က ခရိုင်ရုံးကို မတူပီမြို့ပေါ် ယခုလက်ရှိထွေအုပ်ရုံးနေရာအနီးတွင် တည်ဆောက်ရန် ဆန္ဒရှိကြပြီး ဒေသခံတစ်ချိူ့ကမူ မြို့တွင်းနှင့် (၈) မိုင်ခန့်ဝေးသော မတူပီ-ဟားခါးလမ်းမနဘေး ဖနိုင်-ငလိုင်ဒေသဘက်တွင် တည်ဆောက်ရန် ဆန္ဒရှိကြသည်။ ယင်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအကြား အငြင်းပွားမှုဖြစ်ပွားကာ အပြန်အလှန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးတွင် ချင်းပြည်နယ်အစိုးရက ခရိုင်ရုံးတည်ဆောက်မည့်အသင့်တော်ဆုံးမြေနေရာ (၅) နေရာကို ပညာရှင်များ အား ဆန်းစစ်လေ့လာခိုင်ပြီးနောက် ဖနိုင်-ငလိုင်ကျေးရွာတွင် တည်ဆောက်ရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပညာရှင်များ လာရောက်ကွင်းရှင်းတိုင်းတာသည့်အချိန်တွင် ၎င်းတို့ဆန္ဒပြုသည့် မြို့တွင်းမြေနေရာများကို တိုင်းတာခွင့်မပြုခဲ့ဘဲ ပြည်နယ်အစိုးရက တဖက်သတ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဦးတိတ်မင်းကပြောသည်။

“ပညာရှင်တွေကလည်း ပြည်နယ်ဖိအားနဲ့ပဲလုပ်တာအမှန်ဆိုတော့ ပညာရှင်တွေကို မြို့ပေါ် မြို့ဝန်းကျင်ရဲ့နေရာတွေ မြို့ပေါ်က ပတ်ဝန်းကျင်နေရာတွေအများကြီးရှိတယ် ကျွန်တော်အကုန်လုံးကွင်းဆင်းပြသတယ် ဒါပေမဲ့ အိုးအိမ်ဦးစီးဌာနက မြို့ဝန်းကျင်ကိုလုံးဝတိုင်းတာမှုမရှိဘူး ဘာဖြစ်လို့လဲဆိုပြီးကျွန်တော်တို့မေးတဲ့အခါကျတော့ ပြည်နယ်အစိုးရကခွင့်မပြုဘူးတဲ့ မြို့ဝန်းကျင်မှတိုင်းတာဖို့က ခွင့်မပြုဘူးတဲ့ အဲဒါနဲ့ မြို့ဝန်းကျင်မှာနေရာရှိရဲ့သားနဲ့ အိုးအိမ်ကိုတိုင်းတာခွင့်မပြုဘူးအဲဒါကျတော့ တစ်ဖက်သက်ဆန်လွန်းတယ် အဲဒါကြောင့် ကျွန်တော်တို့ကတော့ ကန့်ကွက်တာ” ဟု ဦးတိတ်မင်းကပြောသည်။

မတူပီမြို့နယ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လကတည်းက မတူပီနှင့် ပလက်ဝနယ်ကို စုစည်း၍ မတူပီခရိုင် အဖြစ်တိုးမြှင့်သတ်မှတ်ပြီးဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက်မည့် မြေနေရာအငြင်းပွားမှုကြောင့် ယနေ့ချိန် ထိ ခရိုင်ရုံးတည်ဆောက်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက “ပညာရှင် အမှတ်ပေးစရင်းတွေကို မြို့မိမြို့ဖတွေထံ ဒီလိုဒီလိုရှိပါတယ်ဆိုပြီး ချပြပေးဖို့တော့လိုနေတယ် ဒါပေမဲ့အိုးအိမ် ပညာရှင်အဖွဲ့ကတော့ ကျွန်တော့ကိုပြောတယ် ၂၀၁၈ ခုနှစ် ၇ လပိုင်းကသူတို့ ကွင်းဆင်းပြီးတော့ ရှင်းပြတာတဲ့ အခြေတင်ဖြစ်နေကြလို့ ကောင်းကောင်းမရှင်းပြလိုက်ရဘူးလို့တော့ပြောပြတယ် ကျွန်တော့်အထင်တော့ သူတို့ ဆန္ဒပြရင်လည်း ခရိုင်တည်ဆောက်မှုက နှောက်နှေးမှုမရှိလောက်ဘူး အခုချိန်မှတော့ သူတို့လုပ်မယ့် ဟာကတော့ ရှေ့ဆက်လုပ်နိုင်မယ့် သဘောရှိတယ် ကျွန်တော်ကလည်း ဒီကဏ္ဍနဲ့ ပတ်သက်ပြီး အစိုးရရဲ့လုပ်ငန်းအပေါ်မှာ ဝင်စွတ်ဖက်လို့မရဘူး” ဟုပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်သန်းပေါင်း (၁၈၂၄ ဒသမ ၉ ) ချထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့် မတ်လ ၁၄ ရက်နေ့ကအမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...