Don Bosco University တက်ရောက်သော ချင်းဒုက္ခသည်များအတွက် ပညာသင်ထောက်ပံ့ကြေးပြန်လည်ရနိုင်ရေး တောင်းဆို

Don Bosco University တက်ရောက်သော ချင်းဒုက္ခသည်များအတွက် ပညာသင်ထောက်ပံ့ကြေးပြန်လည်ရနိုင်ရေး တောင်းဆို

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Don Bosco University တွင် ပညာသင်ယူနေကြသော ချင်းဒုက္ခသည်များ ပညာသင်ထောက်ပံ့ကြေး (Scholarship) ရရှိနိုင်ရေးအတွက် ပြန်လည်ဆောင်ရွက်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို ချင်းဒုက္ခသည်ကော်မတီက တောင်းဆိုခဲ့သည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုရှိလာပြီဟုဆိုကာ မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအစောပိုင်းက ထုတ်ပြန်လိုက်သည့်အချိန်ကစ၍ Don Bosco University တွင်တက်ရောက်သော ချင်းကျောင်းသားများ ပညာသင်ထောက်ပံ့ကြေးကိုလည်း ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည် များကို နိုင်ငံတကာက ဆက်လက်ပြီး အကာအကွယ်ပေးရန် လိုအပ်သည်ဟု UNHCR က မတ်လ (၁၄) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းကြောင့် မတ်လ (၁၈) ရက်နေ့က UNHCR ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် ယခုလို ပညာသင်ထောက်ပံ့ကြေးကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ နယူးဒေလီရှိ Chin Human Right Organization ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။

“UN က ချင်းဒုက္ခသည်များကို စောင့်ရှောက်ဖို့ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့အချိန်မှာ Partner ဖြစ်တဲ့ Don Bosco က ထောက်ပံ့တဲ့ Scholarship၊ University တက်တဲ့သူတွေ The fee Scholarship ကိုလည်း မပေးတော့ဘူး ရပ်ဆိုင်းလိုက်တာဖြစ်တယ်။ အဲဒါကို ကျနော်တို့ ပြန်တောင်းတယ်။ ဒီ Scholarship ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးပါဆိုပြီး တောင်းဆိုထားတယ်။ UN ဘက်က Don Bosco ကို အမြန်ဆုံးအကြောင်းကြားပြီးတော့ ချက်ချင်း ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးစားမယ်” ဟု သူကပြောသည်။

လက်ရှိ Don Bosco University တွင် ချင်းဒုက္ခသည် ကျောင်းသား၊ ကျောင်းသူ (၁၅) ယောက်ခန့် တက်ရောက်နေကြကြောင်း သိရပြီး တချို့သော ကျောင်းသားများမှာ ယင်း Scholarship ကို မှီခို၍ ပညာသင်ယူနေကြသူများဖြစ်သည့်အတွက် Don Bosco က ပညာသင်ထောက်ပံ့ကြေးကို မရပါက ကျောင်းဆက်တက်ဖို့ အတော်လေးအခက်တွေ့လာနိုင်ကြောင်း Salai Cung Dawt က ယခုလို ဆက်ပြောပါသည်။

“တချို့က ဒီငွေကြေးကိုအားကိုးပြီးတော့မှ ကျောင်းတက်တဲ့သူတွေဖြစ်တယ်။ တကယ်လို့များ ဆက်ပြီး မထောက်ပံ့တော့ဘူးဆိုရင် ကျောင်းဆက်တက်ဖို့ အတော်လေးအခက်တွေ့ရမှာဖြစ်တယ်။ ဒီ Scholarship ကို အားကိုးပြီးတော့မှ ကျောင်းတက်ထားတာဆို တော့လေ။ Scholarship ကို နှစ်ကြိမ်ပေးတယ်။ ပထမမှာ ၃ သောင်းလောက်ထုတ်ပေးတယ်။ နောက် ၃ သောင်း လောက် ထပ်ထုတ်ပေးတယ်။ Amount က နည်းတာမဟုတ်ဘူး။ ဒါကြောင့် တောင်းဆိုရခြင်းဖြစ်တယ်။” လို့ ပြောသည်။ ချင်းဒုက္ခသည်များအား ဆက်လက်ကာကွယ်ပေးမည်ဟု (UNHCR) ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြိုဆိုသောအားဖြင့် ဘုရားသခင်ထံ ဆုတောင်းပွဲကို မတ်လ (၂၂) ရက်နေ့တွင် အိန္ဒိယရောက် ချင်းဒုက္ခသည်များမှ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...