မင်းတပ်မြို့ အနောက်ရပ်ကွက် အ.လ.က(၃)စိချဲ့ကျောင်း ဝင်းအတွင်း ကျောင်းဆောင်ဆောက်လုပ်ရန် မြေနေရာလွတ်များရှိသော်လည်း ကလေးများနေ့စဉ်ဘော လုံးကစားသည့် ဘောလုံးကွင်းပေါ်တွင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရမှ ပြန်လည်သုံးသပ်ညှိနှိုင်းပေးရန် စာပေးပို့သွားမည်ဖြစ်ကြောင်း မင်းတပ်အရပ်ဖက်လူမှု အဖွဲ့အစည်းမှဆလိုင်းမာန်အွမ်ကပြောသည်။
မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “အ.လ.က (၃) စိချဲ့ကျောင်းမှာ ကလေးတွေရဲ့ကစားကွင်း ဖြစ်တဲ့ ဘောလုံးကွင်းမှာ မဆောက်လုပ်ဖို့ရန်အတွက် လူမှုရေးဝန်ကြီးကို ကျွန်တော်တို့ပြောတယ်။ စည်ပင်ဝန်ကြီးကိုလည်း ဖုန်းဆက်ပြီးတော့ပြောတယ်။ အစကတည်းက ကျောင်းကော်မတီနဲ့ ဝန်ကြီးတွေက ခွင့်ပြုပြီးတော့မှ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတော့ ကလေးတွေရဲ့ အခွင့်အရေး လုံးဝချိုးဖောက်နေသလိုဖြစ်တယ်။လူမှုရေးဝန်ကြီးကိုလည်း ကျွန်တော်တို့တောင်းဆိုတယ် ဒီဟာကိုပြန်လည်ပြီးတော့ ညှိနှိုင်းပေးပါ။ ကျောင်းဝန်းထဲမှာ မြေမရှိတာလည်းမဟုတ်ဘူး မြေကရှိတယ်။ ကုမ္ပဏီက မြေမညှိဘဲ မြေညှိပြီးသားပေါ်မှာ တတ်ဆောက်ချင်တယ် ဆိုတဲ့ကိစ္စက မဖြစ်သင့်ဘူး။ စိချဲ့ကျောင်းဝန်းထဲမှာလည်း မြေကလုံလုံလောက်လောက် ရှိခဲ့ပါရက်နဲ့ အဲဒီကျောင်းထဲမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဆွေမကင်း၊ မျိုးမကင်းတွေကနေ အဲဒီမြေကွက်တွေ ရောင်းစားတယ်ဆိုတဲ့ကိစ္စတွေပါ။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေပါ။ ပါဝင်ဆက်နွယ်နေလို့ ကလေးတွေရဲ့အခွင့်အရေးကိုပါ လုံးဝထိခိုက်စေတယ်။ ဒါကိုပြည်နယ်အစိုးရက အချိန်မီပြန်လည် ညှိနှိုင်းပေးစေချင်တယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ထံ ဖုန်းဆက်ညှိနှိုင်းခဲ့ရာ ဝန်ကြီးမှ ဘောလုံးကွင်းကို အဆင်ပြေသည့်အခါ ပြန်လုပ်လို့ရသည်ဟု ပြန်ဖြေကြားခဲ့ကြောင်း၊ ဘောလုံးကွင်းလိုမျိုးသည် တောင်ပေါ်တွင် ကြိုက်သည့်နေရာတွင် ရွှေ့ပြီး တူး၍မရကြောင်း၊ အဆောက်အဦးမှာ မူ ရွှေ့လို့ရကြောင်း၊ မြေနေရာလုံလောက်မှုမရှိလျှင် အထပ်မြှင့်ကာ တည်ဆောက်၍ရကြောင်း ဆလိုင်းမာန်အွမ်ကပြောသည်။
သူကဆက်ပြီး “အခုဘောလုံးကွင်းမှာ အဆောက်အဦးဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းကို စတင်တူးနေပြီ။ ကျွန်တော်တို့က အချိန်မီမြေတူူးပြီးတော့ မြေညှိနေတဲ့အချိန် အချိန်မီအကြောင်းကြားတဲ့ ဟာကို ဝန်ကြီးကဒီစကားတော့မပြောသင့်ဘူး။ ကလေးတွေအတွက် ဘောလုံးကွင်းလည်း အရေးကြီးသလို စာသင်ဖို့လည်းအရေးကြီးတယ်ဆိုပြီးတော့ တစ်ခုခုကို ရွေးချယ်ခိုင်းတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကလေးတွေရပိုင်ခွင့်က နှစ်ခုစလုံးဖြစ်နေတာ တကယ်လို့မြေနေရာမရှိဘူးဆိုရင် လက်ခံတယ်။ အခုကျောင်းကလည်း မြေနေရာရှိတယ်။ စက်ကြီးတွေနဲ့ နည်းနည်းညှိလို့ရတဲ့ အနေထားကို အကုန်ကျမခံနိုင်ဘူး။ ကလေးတွေက ကစားကွင်းရဖို့ အင်မတန်ကြိုးစားခဲ့ကြရတာ။ အဲဒီဘောလုံးကွင်းဆိုရင် အဲဒီရပ်ကွက် ဆယ်နှစ်လောက် လုပ်အားပေးအနေနဲ့ ကိုယ်ထူကိုယ်ထတူးခဲ့တဲ့ ဘောလုံးကွင်းကြီးဖြစ်တယ်။ ဝန်ကြီး ပြောတာကတော့ ဒီဟာကိုကန့်ကွက်နေမယ်ဆိုရင် လုပ်ငန်းနှောင့်နှေးမယ်။ အဆောက်အဦးဆောက်လုပ်မယ့် ကိစ္စတွေက ရပ်တန့်သွားမယ်ဆိုတော့ ကျွန်တော်တို့ပြောချင်တာက ဒါကိုသဘောမတူဘူးဆိုရင် ဒီကျောင်းကို ပြန်ယူမယ် ဆိုတဲ့ပုံစံမျိုးတွေလည်း ရှိလာတယ်”ဟုပြောသည်။
ထိုသို့ ကလေးများ ဆော့ကစားသည့် ကစားကွင်းများကို အခြားအဆောက်အဦးတည်ဆောက်လိုက်သည့် ဥပမာများအနေဖြင့်ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ မင်းကြီးရုံးအထက်နားက ကလေးများကစားလေ့ရှိသည့် ကွင်းတွင် ပြည်ခိုင်ဖြိုးပါတီရုံးတည်ဆောက်ခြင်း၊ ဟားခါးမြို့ရှိ ပြည်သူ့ပန်းခြံတွင် စည်ပင်ရုံးတည်ဆောက်ခြင်းနှင့် လွှတ်တော်အဆောက်အဦးတည်ဆောက်ခဲ့ကြသည်။







