ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်း တောကောင်ပစ်ခြင်း၊ ထင်းများခိုးယူခြင်းများရှိနေသေးပြီး ထိုသို့ကျူးလွန်သူများသည် လက်နက်ကိုင်ဆောင်ကြသဖြင့် အုပ်ချုပ်ရေးအပိုင်းမှ ထိရောက်စွာ အရေးယူနိုင်ရန် အခက်အခဲရှိနေကြောင်း မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ကပြောသည်။
ဆလိုင်းအောင်လျန်က “လက်ရှိဒေသခံတွေက ဒီအထဲမှာ တောကောင်တွေပစ်ကြတာတွေ အခုထိရှိသေးတယ်လို့ ပြောတယ်။ ပြီးတော့ ထင်းတွေခိုးယူသွားတာတွေရှိတယ်တဲ့။ ဟိုဖက်ကလည်း လက်နက်တွေနဲ့ဆိုတော့ အုပ်ချုပ်ရေးပိုင်းကလည်း အခက်တွေအများကြီးရှိတယ်လို့ပြောတယ်” ဟုပြောသည်။
ခေါ်နှုးစုမ်အမျိုးသားဥယျာဉ်ကို လာရောက်လည်ပက်သော ဧည်သည်များမှာ နိုင်ငံခြားဧည့်သည် များထက် ပြည်တွင်းဧည့်သည်မှာ အရင်နှစ်များထက်ပိုပိုများလာပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ တစ်လထဲအတွင်း လာရောက်ကြသော ဧည့်သည် ကိုးထောင်ကျော်လောက်ရှိသည့်အတွက် တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းရန်မလုံလောက်ဘဲ မြို့တွင်းရှိအိမ်များတွင် တည်းခိုကြရကြောင်း သိရသည်။
မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “အမျိုးသားဥယျဉ် ကနေ ဝင်ငွေကလည်း တဖြည်းဖြည်းများများရလာပါတယ်။ ၁၉၉၅ စတင်ပြီးတည်ထောင်လာခဲ့တာ တစ်နှစ်ပြီးတစ်နှစ် လာရောက်လည်ပက်ကြတဲ့ ဧည့်သည်ပိုပိုများလာတယ်။ အရင်နှစ် ဒီဇင်ဘာလ တစ်လထဲမှာကို ဧည့်သည်ကိုးထောင်ကျော်လောက်ရှိတယ်။ ဟိုတယ်ကိုက နေရာမအားဘူးဖြစ်တယ်။ သာမန်အိမ်တွေမှာဘဲ အိပ်နေကြတာ အကူညီတောင်းပြီးမှပေါ့။ ဒီနှစ်လည်း တဖြည်းဖြည်းဧည့်သည် များလာတယ်။ အမျိုးသားဥယျဉ်ကို အုပ်ချုပ်တဲ့ ဝန်ထမ်းအင်အားလည်း ထပ်ခန့်ဖို့လိုတယ်။ အဲဒီရလာတဲ့ ဝင်ငွေတွေကိုလည်း ဝန်ဆောင်မှုတွေပေးတဲ့ အပိုင်းကို အများကြီးအထောက်ကူပြုမှာဖြစ်တယ်”ဟုပြောသည်။
သူကဆက်ပြီး “ ခရီးသွားနဲ့ပက်သက်ပြီး ဝင်ငွေကို တကယ်လက်တွေ့အကောင်ထည်ဖော်နိုင်ရင် ဝင်ငွေလည်းပိုများလာမယ်။ ဝင်ငွေကောက်ပြီးတော့လည်း ဧည့်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်မှာဖြစ်တယ်။ အများသုံးသန့်စင်ခန်းတွေ ကိုလည်း မြန်မြန်အကောင်အထည်ဖော်ဖို့လည်း ရှိပါတယ်”ဟုပြောသည်။
ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကို မည်ကဲ့သို့ထိန်းသိမ်းရှောက်ရန်နှင့် ဝင်ငွေပိုရရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်များကို ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန၊ အမျိုးသားဥယျဉ် အုပ်ချုပ်ရေးမှူး နှင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS ) များနှင့် ပြီးခဲ့သည့်ရက်က တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။







