မြန်မာ့တပ်မတော်က လမ်းပြအဖြစ်ခေါ်ဆောင်သည့် ရွာသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

မြန်မာ့တပ်မတော်က လမ်းပြအဖြစ်ခေါ်ဆောင်သည့် ရွာသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကူချောင်းဒေသ ရှင်မဒိန်ကျေးရွာနေ အသက်(၄၅)နှစ် အရွယ် ဦးအောင်လွန်းသည် မြန်မာ့တပ်မတော်မှ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ်ခေါ်ဆောင်သွား ရာမှ မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတ်လ ၅ ရက်နေ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှင်မဒိန်းကျေးရွာနေ ဦးအောင်လွန်းနှင့် ဦးကိန်းတိုးတို့နှစ်ဦးကို မြန်မာ့တပ်မတော် ခလ၇(၅၄၄) လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ်ခေါ်သွားပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်း(၁၀) နာရီဝန်းကျင်ခန့်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA)မှ ထောင်ထားသည်ဟု ယူဆရသော မြေမြုပ်မိုင်းနင်းမိသဖြင့် ဦးအောင်လွန်းသည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးလွန်းဘဲက ပြောဆိုကြောင်း CHRO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျနော့အကို မြေမြုပ်ပိုင်းထိပြီးသေတဲ့နေရာဟာ ကျနော်တို့ရွာကနေ(၃)ရက်ခရီးလောက်ကွာဝေးတဲ့ ပီချောင်းဖျားဖက် တောတွင်းတနေရာတွင်ဖြစ်တယ်၊ Bangladesh နယ်စပ်နဲ့ပိုနီးသွားပြီ၊ အဲဒီနေ့မှာ စစ်ကြောင်းအဲဒီဖက်မှာသွားကြရာ အရှေ့မှာသွားတဲ့သူတွေက မိုင်းမနင်းကြဘဲ အလည်မှာသွားတဲ့ ကျနော့အကိုက မိုင်းနင်းမိတော့ ဝမ်းဗိုက်တခုလုံးပွင့်ထွက်သွားပြီး ပွဲချင်းသေတယ်၊ ကျနော့အကိုရှေ့မှာ သွားနေတဲ့ ဗိုလ်ကြီးတယောက်နှင့်အခြားရဲဘော်တဦးတို့က ဒဏ်ရာပြင်းတယ်လို့ ကျနော့်အကိုနဲ့အတူလိုက် သွားတဲ့ ဦးကိန်းတိုးက ပြောတယ်၊ ဖြစ်တဲ့နေရာနဲ့ရွာက အလှမ်းဝေးတဲ့အတွက် အလောင်းကို ရွာဖက်ကိုသယ်ယူဖို့ အဆင်မပြေတော့တဲ့အတွက် အဲ့ဒီနေရာမှာဘဲ တခါထဲမြေမြုပ်သဂြိုလ်လိုက် ရတော့တယ်” ဟု ဦးလွန်းဘဲက ပြောသည်။

သေဆုံးသူ ဦးအောင်လွန်းသည် သားသမီး(၅)ဦးအပါအဝင် ၎င်း၏ဖခင်တို့ကို တာဝန်ယူ ပြုစုစောင့် ရှောက် နေရသူဖြစ်ကြောင်း သိရှိရပါသည်။

ယခုသေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ နစ်နာကြေးပေးအပ်ရန် ဦးကိန်းတိုးအား ချင်းထုံစမ်းအရ မည်မျှပေးလေ့သနည်းဟု မေးမြန်းရာမှာ (၁၅) သိန်းခန့်ပေးလေ့ရှိကြောင်း ပြောဆိုကာ ခမောက်ဝကျေးရွာတွင် တပ်စွဲလျှက်ရှိသော စစ်ဗျူဟာမှူးက နစ်နာကြေးကို ချင်းထုံးစံအတိုင်းပေးမည်ဖြစ်ပါသဖြင့် လာယူပေးကြရန် ဦးကိန်းတိုးမှတဆင့် မတ်လ ၃ ရက်နေ့က မိမိအားအသိပေးအကြောင်းကြားထားသည်ဟု ဦးလွန်းဘဲကပြောသည်။

သို့သော်လည်း အဆိုပါနစ်နာကြေးကို ခမောက်ကျေးရွာ ဗျူဟာရုံးသို့ သွားယူရန် ကြောက်ရွံ့နေသော ကြောင့် ပလက်ဝမြို့ပေါ်ရှိ ဆွေမျိုးသားချင်းများအား ဆွေးနွေးတိုင်ပင်ကာ ပလက်ဝမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်အား အကျိုးအကြောင်းပြောကြားပြီး နစ်နာကြေးကို ပလက်ဝမြို့ အခြေစိုက် ခလရ(၂၂၈)မှာ ထုတ်ယူနိုင်ရန်အတွက် ပြောပေးရန် တောင်းဆိုခဲ့ရာ ထွေအုပ်က “ပြောပေးမည့်အကြောင်းနှင့် စစ်တပ်ကပေးတဲ့အတိုင်း နစ်နာကြေးကို လက်ခံပေးရန်” စသဖြင့် ပြန်လည်မှာကြားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) တို့ တိုက်ပွဲဖြစ်ပွားသည့် ဒေသဖြစ်ပြီး နယ်စပ်ဒေသတစ်လျှောက်တွင် မြေမြုပ်မိုင်းများ အပြန်အလှန်ထောင်ထားကြသည်ဟု သိရသည်။

ယင်းကဲ့သို့ နယ်မြေလုံခြုံမှုမရှိသော ဒေသသို့ မြန်မာ့တပ်မတော်သည် နယ်မြေကျွမ်းကျင်သော ဒေသခံပြည်သူများကို ယခုကဲ့သို့ ရှေ့တန်းနယ်မြေ တွင် လမ်းပြအဖြစ်ခေါ်ဆောင်လေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း ပလက်ဝမြို့မှ(၃၅)မိုင်လောက်ကွာဝေးသည့် ပီချောင်းအထက်ရှိ ငတိန်ကျေးရွာသား(၅)ယောက်တို့သည် တောထဲဝါးဥလိုက်ရှာယင်း မြေမြုပ် မိုင်းနင်းမိသည့်အတွက် အသက်(၂၈) အရွယ် ဒေါ်ဖြစ်လိုက်( Daw Phit Lite) သည်ပွဲချင်းသေဆုံးပြီး သူမသူငယ်ချင်း အသက်(၁၈)နှစ်အရွယ်ရှိသော မတိန်းတင် (Ma Tain Tin)လည်း ပေါက်ကွဲသောမိုင်းအရှိန်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ရပ်ချောင်းကျေးရွာမှ ဦးဟွေ့တန်းသည်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တောထဲဟင်းထွက်ရှာယင်း မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေမြို့သို့ သွားရောက်ဆေးဝါးကုသမှုခံယူခဲ့ရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...