မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ရန် ချင်းအဖွဲ့အစည်းများကို CYMA တိုက်တွန်း

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ရန် ချင်းအဖွဲ့အစည်းများကို CYMA တိုက်တွန်း

မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးလျှော့ချလာနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ချင်းညီအကိုများအနေဖြင့် တတ်အားသရွေ့ ပူပေါင်းပါဝင်ကြရန် မီဇိုရမ်ပြည်နယ်ရှိ အင်အားအကြီးမားဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မီဇိုးလူငယ်အသင်း Central Young Mizo Association (CYMA) မှ တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့၌ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် နှစ်ရက်တာ ကျင်းပခဲ့သော Chapchar Kut ပွဲတော်ကြီးတွင် Central Young Mizo Association (CYMA) ဥက္ကဌ Pu Vanlalruata က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ပြည်နယ်ဟာ လူဦးရေ ၁၁ သိန်းခန့်လောက်သာ ရှိသေးတဲ့အတွက် ပေါင်းစည်းရေးမှာ အများကြီးကြိုးစား အားထုတ်ဖို့ လိုအပ်တယ်။ ပေါင်းစည်းရေးကို နှောက်ယှက်နိုင်တဲ့ကိစ္စမှန်သမျှကို စည်းလုံးစွာ တိုက်ဖျက်ကြဖို့ လိုအပ်တယ်။ Chapchar Kut ပွဲကို တက်ရောက်လာတဲ့ မြန်မာပြည်က ချင်းညီအကို ကိုယ်စာလှယ်များကလည်း မြန်မာပြည်ကနေ မီဇိုရမ်ကို တရားမဝင် သယ်ဆောင်ရောင်းဝယ်ဖောက်ကားနေတဲ့ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စမှာ ပူးပေါင်းပါဝင်ကြပါ” ဟု Pu Vanlalruata က ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို မီဇိုးလူငယ်အသင်းမှ အကြီးအကျယ်လုပ်ဆောင်နေပြီး မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်သည့် မူးယစ်ဆေးဝါး(ဘိန်းဖြူ၊ စိတ်ကြွဆေးပြား) အများစုသည် အိန္ဒိယ-မြန်မာအမှတ်(၂) ရိ-ဇိုခေါထား နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ဝင်ရောက်ခြင်းဖြစ်သည်ဟု သိရသည်။

Zofate Inpumkhatna ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ပွဲတော်ကြီးတွင် ဧည့်သည်တော်ကြီးအဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သော မီဇိုရမ်ပြည်နယ် ပူးဇိုးရမ်းထန်းငါကလည်း ယင်း Chapchar Kut ပွဲတော်ကြီး ကျင်းပရာတွင် မီဇိုးလူမျိုး တစ်ခုတည်းမဟုတ်ဘဲ၊ မြန်မာပြည်၊ Assam, Meghalaya, Tripura, Bangladesh နှင့် အခြားသောပြည်နယ်၊ အခြားသောနိုင်ငံများ တွင် ရှိကြသော ဇိုး(ချင်း)မျိုးနွယ်စုညီအကိုများနှင့် တလုံးတဝတည်း ပိုမိုရှိလာရေးအတွက် အသစ်တဖန် စတင် ကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ Chapchar Kut ပွဲတော်တွင် မြန်မာပြည်မှ လာရောက်ပါဝင်သော Tedim Literature & Cultural Committee အဖွဲ့ကလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ နှင့် Art & Cultural ဝန်ကြီး Pu R.Lalzirliana တို့အား ပွဲတော်ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။ ပွဲတော်ကြီးတွင် ဖလမ်း၊ တီးတိန်၊ တာဟန်း၊ Halflong, Shillong, Manipur နှင့် Bangladesh ဒေသများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...