ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ညနေ (၅) နာရီနောက်ပိုင်း တပ်မတော်တပ်ရင်းစခန်းရှေ့ ဖြတ်သန်း သွားလာခွင့်မပြုသည့်အမိန့်တစ်ရပ်ကို ဇန်နဝါရီလ (၆) ရက်နေ့က တပ်မတော်မှထုတ်ပြန်လိုက်သည်။
မတူပီစစ်ဗျူဟာမှူးက ဇန်နဝါရီလ (၆) ရက်နေ့ကစ၍ ညနေ (၅) နာရီမှ မနက် (၇) နာရီအကြား တပ်မတော်အခြေစိုက်ရာ တပ်ရင်းစခန်းရှေ့တွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာခွင့်မပြုရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု မတူပီမြို့မှ ဒေသခံများထံမှသိရသည်။
“အဓိက ကတော့ မတူပီက ပလက်ဝနဲ့ဆက်စပ်နေတော့ လုံခြုံရေးအရ တင်းကြပ်လိုက်တဲ့သဘောပဲ၊ စစ်တပ်ရှေ့ ဖြတ်သန်းခွင့်မပြုတော့တာပါ၊ မတူပီမြို့ပေါ်မှာ ညမထွက်ရအမိန့်ထုတ်တာမဟုတ်ပါဘူး’’ ဟု မတူပီြမို့ဒေသခံပြောသည်။
ထို့အပြင် နေ့ခင်းဘက်တွင် တပ်ရင်းစခန်းရှေ့ ဖြတ်သန်းသွားလာသည့်အခါတွင်လည်း ဓါတ်ပုံရိုက်ယူခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဆိုင်ကယ်ရပ်နားခြင်းများ မပြုလုပ်ရန်နှင့် မည်သူမှ သေနတ်ဖြင့် တောလည်ခြင်းမပြုရန် တပ်မတော်မှ အမိန့်ထုတ်ပြန်ထားသည်ဟု ၎င်းကဆက်ပြောသည်။
မတူပီမြို့တွင် စစ်ဗျူဟာတပ်တစ်ခု၊ ခလရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်း (၂) ရင်းရှိသည်။ အဆိုပါတပ်ရင်းများသည် မတူပီမြို့ပေါ်နှင့် မိုင်ဝက်ခန့်အကွာတွင်သာ တည်ရှိသည်။
ကျေးလက်နေပြည်သူများအနေဖြင့် မတူပီမြို့သို့ လာရောက်လိုပါက အဆိုပါတပ်ရင်းများကို ဖြတ်သန်းသွားလာရသည်။
မတူပီမြို့နယ်သည် ယခုလက်ရှိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေပြီး (AA) တပ်ဖွဲ့ဝင်များ မတူပီဘက်သို့ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။
ဇန်နဝါရီလ (၃) ရက်နေ့ကလည်း မတူပီမြို့တွင် စစ်ကားအစီး (၁၀၀) နှင့် စစ်ရဟတ်ယာဉ် (၂) စီးရောက်ရှိလာပြီး တပ်အင်အားတိုးချဲ့လျက်ရှိသည်။







